KBC အထွေထွေအတွင်းရေးမှူး
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဦးတူးမိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ်နေသည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်ဟု ကြားရသော်လည်း တရားဝင် စာရောက်ရှိလာခြင်းမရှိသေးဟု KBC နှင့် နီးစပ်သူ အမည်မဖော်လိုသူတစ်ဦးက The 74 Media ကိုပြောသည်။
“အဲ့လိုပြောတာတော့ကြားတယ် မသေချာသေးဘူး။ ခုချိန်ထိ တရားဝင်စာရောက်လာတာတော့ မရှိဘူး” ဟု သူကပြောသည်။
သိက္ခာတော်ရ ဆရာတော် ဦးတူးမိုင်ကို ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောစာကြောင့်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၂၆ ရက်နေ့တွင် KBC ရုံးချုပ်တွင် သွားရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
KBC က ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဆုတောင်းချက် ၈ ချက်ပါဝင်သော စာတွင် ကိုဗစ် ၁၉ ရောဂါအမြန်ဆုံး ပပျောက်သွားရန်အတွက်၊ စစ်ဘေးရှောင်ပြည်သူများအတွက်၊ ခေါင်းဆောင်များအတွက်နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအမြန်ဆုံး ဖြစ်လာစေဖို့ ဆုတောင်းကြရန်စသည့်အချက်များ ပါဝင်သည်။
သိက္ခာတော်ရဆရာတော် ဦးတူးမိုင်ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၂၀၁၈ ခုနှစ် မတ်လတွင် ရွေးချယ်တင်မြောက်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ