တိုက်ပွဲဖြစ်ပွားသော ပူတာအိုမြို့နယ် တန်ဂျာ​ကျေးရွာမှ ဒေသခံများကို ​စစ်​ကောင်စီက တိမ်း​ရှောင်ခွင့်မပြု
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ တန်ဂျာကျေးရွာအနီးတွင် ယ​နေ့ည​နေ တိုက်ပွဲပြင်းထန်သောကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ​ဒေသခံများကို စစ်ကောင်စီမှ လမ်းခုလတ်တွင် လှည့်ပြန်ခိုင်းကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားသော ပူတာအိုမြို့နယ် တန်ဂျာ​ကျေးရွာမှ ဒေသခံများကို ​စစ်​ကောင်စီက တိမ်း​ရှောင်ခွင့်မပြု

 

တိုက်ပွဲပြင်းထန်သောကြောင့် လုံရှာယန်​ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ​​ဒေသခံများကို စစ်​​ကောင်စီတပ်ဖွဲ့ဝင်များက လမ်းခုလတ်တွင် တိမ်း​ရှောင်ခွင့်မပြုဘဲ ​ကျေးရွာသို့ပြန်ရန် ဖိအား​ပေးခဲ့ခြင်းဖြစ်သည်။
“တန်ဂျာကရွာသားတွေ လုံရှာယန်ဘက် ထွက်ပြေးတဲ့သူတွေကို လမ်းမှာ စစ်သားတွေကတားပြီး ပြန်ခေါက်ခိုင်းတယ်။ ကျွန်တော်တို့ကတော့ လွတ်သွားတယ်။ ကျွန်တော့ဦးလေးတို့ကတော့ ပြန်ခေါက်ပြန်ခိုင်းတဲ့အထဲမှာ ပါသွားတယ်။ သူတို့တွေဆို အပြင်တောင် မထွက်ရဲကြဘူး။ ဘာဆက်ဖြစ်မလဲဆိုပြီး စိုးရိမ်နေကြတာ” ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
တန်ဂျာ​ဒေသခံအချို့မှာ ၎င်းတို့၏ ​နေအိမ် မီးရှို့ခံရမည်ကို စိုးရိမ်၍ ​နေရစ်ခဲ့သူများလည်းရှိ​ကြောင်း သူက ​ပြောသည်။
လုံရှာယန်သို့ ထွက်​ပြေးတိမ်း​ရှောင်လာ​သော တန်ဂျာဒေသခံများသည် ကက်သလစ်ဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်း နှင့် ဆွေမျိုးများ၏နေအိမ်တို့တွင် တိမ်းရှောင်နေကြသည်။
တန်ဂျာကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၅၀၀ ခန့်ရှိသည်ဟု သိရသည်။
မြစ်ကြီးနား-ပူတာအို လမ်းမကြီး​ပေါ်တွင်ရှိသည့် တန်ဂျာ​ကျေးရွာအနီးတွင် ယ​နေ့ည​နေက စစ်​ကောင်စီနှင့် KIA အဖွဲ့တို့အကြားဖြစ်ပွားခဲ့​သော တိုက်ပွဲတွင် စစ်​​ကောင်စီတပ်ဖွဲ့ဝင် အများအပြား​သေဆုံးခဲ့​ကြောင်းသိရသည်။
ပုံ/ ထွက်​ပြေးတိမ်း​ရှောင်လာ​သော တန်ဂျာ​ဒေသခံအချို့ကို​ တွေ့ရစဥ်။
သင့်ထင်မြင်ချက်ရေးပေးပါ