မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အေဂျီစစ်ရှောင်စခန်းနေ ပြည်သူများ စားနပ်ရိက္ခာ ခက်ခဲနေ

ကိုဗစ်တတိယလှိုင်းအတွင်း မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အေဂျီစစ်ရှောင်စခန်းမှ ပြည်သူများ စားနပ်ရိက္ခာခက်ခဲနေကြောင်းသိရသည်။

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အေဂျီစစ်ရှောင်စခန်းနေ ပြည်သူများ စားနပ်ရိက္ခာ ခက်ခဲနေ

 

စားနပ်ရိက္ခာအကူအညီပေးနေသည့်အဖွဲ့အစည်းများက ဘဏ်ပြဿနာများကြောင့် ငွေထုတ်ရန်ခက်ခဲနေသဖြင့် ပိုမိုခက်ခဲလာရခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“စားဖို့သောက်ဖို့ခက်ခဲနေတယ်။ ခါတိုင်းထောက်ပံနေကြဖြစ်တဲ့အဖွဲ့အစည်းကလည်း ငွေထုတ်ဖို့ခက်ခဲနေတော့ ၇ လပိုင်းကနဲ့ ဒီလအထိ ထောက်ပံမှုလည်း မရသေးပါဘူး။ လောလောဆယ် ဒီကလူတွေက ရုန်းကန်ပြီး ရှာဖွေစားသောက်နေရတယ်။ ကိုဗစ်ဖြစ်တော့ နေ့စားကလည်း ထွက်လုပ်လို့မရဘူး” ဟု ပြောသည်။
ထို့အပြင် စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် မိသားစုတစ်စုလည်းရှိပြီး ပညာရေးတက္ကသိုလ်တွင် ကွာရန်တင်းဝင်နေကြောင်း သူက ဆက်ပြောသည်။
“ပြည်သူ့ဆေးရုံမှာသွားစစ်တာ ပိုးက မိသားစုတစ်စုလုံးမှာပိုးတွေ့တော့ ပညာရေးတက္ကသိုလ်မှာ ကွာရန်တင်းဝင်နေတယ်။ အခုလောလောဆယ် ကွာရန်တင်း ဝင်နေတဲ့သူတွေအတွက် စားဖို့သောက်ဖို့ နဲ့ ပို့ဆောင်ပေးဖို့ အခက်အခဲရှိတယ်” ဟု သူကပြောသည်။
အဆိုပါ စစ်ရှောင်စခန်းသည် သိရှိသူနည်းပါးသောကြောင့် လာရောက်ကူညီသော အလှုရှင်များလည်း နည်းပါးကြောင်း သူကဆက်ပြောသည်။
မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အေဂျီစစ်ရှောင်စခန်းသည် အိမ်ခြေ ၂၆ အိမ်ထောင်၊ လူဦးရေ ၁၄၃ ဦးရှိသော စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။
ကိုဗစ်တတိယလှိုင်းအတွင်း မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများတွင် ပိုးတွေ့ရှိသူများပြားခဲ့သောကြောင့် စားနပ်ရိက္ခာနှင့်အကူအညီများ လိုအပ်နေကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့လူနာစုစုပေါင်း ၁၂၆၉၉၅ ဦး ရှိပြီး သေဆုံးသူပေါင်း ၃၀၆ ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ