မိုးကောင်းမြို့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နေရာအချို့တွင် ယနေ့ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်မှစတင်ပြီး စစ်ကောင်စီက MPT နှင့် Telenor ဖုန်းအင်တာနက်လိုင်းများ၊ Wifi လိုင်းများ ဖြတ်တောက်ခံလိုက်ကြောင်း သိရသည်။

ရပ်ကွက်အချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေဆဲဖြစ်ပြီး အချို့နေရာများတွင် လိုင်းပြတ်တောက်ချိန် ၁၀ မိနစ်ခန့်သာကြာမြင့်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးကောင်းမှာ ၁၀ နာရီခွဲက အကုန်လုံးပျက်သွားတယ် ၁၀မိနစ်နေတော့ အကုန်ပြန်လာတယ်၊ လာပြီးမှ တစ်ချို့ရပ်ကွက်တွေအခုထိ မရသေးပါဘူး၊ အိုးတန်းက အကုန်လုံးတော့ မဟုတ်ပေမယ့် အုပ်စုလိုက် မရနေတာ၊ ကျွန်မဆို MPTနှင့် Telenor package ဝယ်သုံးတာ လုံးဝ မရနေဘူး၊ အိမ်ကတော့ Mytel ဝိုင်ဖိုင်သုံးတယ် အခုထိ မရသေးဘူး၊ ရွာသစ်ကလည်း တစ်ပိုင်းလောက် မရနေဘူး ရတဲ့သူကရ မရတဲ့သူက မရပေါ့” ဟု သူကပြောသည်။
အင်တာနက်လိုင်း ဖြတ်တောက်မှုသည် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း အင်းတော်ဒေသမှ ကချင်ပြည်နယ်သို့ ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေမှုနှင့် ဆက်စပ်နိုင်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်က အင်းတော်ကနေ ကချင်ဘက်ကို သူတို့စစ်ကြောင်းထိုးကြတော့မှာလေ အဲ့တာကြောင့် တစ်ချို့လိုင်းတွေကို ဖြတ်ချလိုက်တာ ဟုတ်မယ်” ဟု သူကပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်လည်း ဩဂုတ် ၂၀ ရက်နေ့ည ၈ နာရီမှစ၍ MPT နှင့် Telenor ဖုန်းအင်တာနက်များ ဖြတ်တောက်ခံခဲ့ရပြီး ထို ည ၁၁ နာရီနောက်ပိုင်းတွင် ဖုန်းအော်ပရေတာ အားလုံး၏ ဖုန်းအင်တာနက်များနှင့် Wifi စက်များကို ယနေ့ထိ ဖြတ်တောက်ခံထားရဆဲ ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ