ဝိုင်းမော်မြို့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ဩဂုတ်လ ၂၂ ရက်နေ့ ည ၉နာရီခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ NUG အစိုးရနှင့် PDF တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သတ်ဖြတ်ခြင်းများဆောင်ရွက်နေသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းရန် အသံချဲ့စက်ဖြင့် လိုက်လံဝါဒဖြန့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးရုံးမှ မော်တော်ယာဉ်ဖြင့် ဝိုင်းမော်မြို့အနှံ့ပတ်ကာ တစ်နေရာလျှင် ၁၀ မိနစ်ခန့် ရပ်နားကာအသံချဲ့စက်ဖြင့် ဝါဒဖြန့်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အသံချဲ့စက်မှ ထွက်ပေါ်လာသော ဝါဒဖြန့်ပြောဆိုမှုများတွင် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် NUG အဖွဲ့နှင့် NLD ပါတီဝင်များ၊ PDF တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခြင်း၊ အုပ်ချုပ်ရေးမှူးများ အခြားပါတီဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိကြောင်း ပြောဆိုသည်။
ထို့အပြင် NUG အစိုးရနှင့် PDFတပ်ဖွဲ့ဝင်များက ကိုဗစ်၁၉ ရောဂါအား နိုင်ငံရေးလက်နက်အသုံးချ၍ ကိုဗစ်ပြန့်ပွားစေရေးအတွက် လူစုလူဝေးစုဝေးပြုလုပ်ခြင်း၊ ကိုဗစ်သတင်းအမှားထုတ်လွှင့်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းမှားများကို အသံချဲ့စက်ဖြင့် ထုတ်လွှင့်ခဲ့သည်။
ထိုသို့ NUG အစိုးရမှက လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်လှစ်ထားရှိခြင်း အရေးယူစစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
The 74 Media က ရရှိထားသည့် အသံချဲ့စက်ဖြင့် ထုတ်လွှင့်ပြောဆိုထားသည့် အသံဖိုင်တွင် NUG နှင့် PDF ဆိုင်ရာ သတင်းမှားများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို ထောက်ခံသည်ဟု ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် ဝါဒဖြန့်မှုများလည်း ပါဝင်သည်။
ထို့ကဲ့သို့ တစ်ဖက်သက် ဝါဒဖြန့်ပြောဆိုနေသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မဒိန်ကျေးရွာ၊ လဘန်ကျေးရွာနှင့် ခါ့ကွမ်ကျေးရွာတို့တွင် စစ်ကောင်စီတပ် ခ.လ.ရ (၅၈) တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းတမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူများသေဆုံးခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခံရခြင်း၊ နေအိမ်များပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များသေဆုံးခြင်းအပြင် နေအိမ်များကိုပါ စွန့်ခွာထွက်ပြေးနေရသည်။

ဝိုင်းမော်မြို့နည်းတူ ပူတာအိုမြို့အဝင် မူလာရှီးဒီစုပေါင်းဂိတ်တွင် ဇွန်လ ၂၅ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများကိုလည်း ထိုကဲ့သို့ ဝါဒဖြန့်စာစောင်များ ပေးဝေခဲ့ သည်။

သင့်ထင်မြင်ချက်ရေးပေးပါ