စစ်ရှောင်စခန်းအချို့မှ ကိုဗစ်၁၉ ကူးစက်ခံရသူများ ကျန်းမာရေးအခြေအနေကောင်းမွန်၊ အစားအစာနှင့် ဆေးဝါးအကူအညီလိုအပ်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ မိုင်းနား KBC စစ်ရှောင်စခန်း၊ RC စစ်ရှောင်စခန်းနှင့် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံစစ်ရှောင်စခန်းတို့မှ ကိုဗစ်ပိုးတွေ့ လူနာများ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မိုင်းနားကျေးရွာရှိ မိုင်းနား KBC စစ်ရှောင်စခန်းမှ ကိုဗစ်ပိုးတွေ့သူ အယောက်၄၁ ဦးမှ ၁၈ ဦးမှ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူတစ်ဦးကThe 74 Media ကိုပြောသည်။
“ဆေးရုံဆင်းတာ ၁၈ ယောက် သူတို့ကိုကတော့ နေအိမ်ကို မပို့ဘဲနဲ့ တစ်ပတ် ကွာရန်တင်း ပြန်ထားထားတယ်။ တစ်ပတ်ပြည့်မှ အဆောင်အခန်းကို ပြန်နေဖို့ ခွင့်ပြုမယ်လို့ ပြောထားတယ်။ ဆေးရုံမှာ နေတဲ့သူတွေကော အောက်ဆီဂျင် ပေးရလောက်အောင် ဆိုးဝါးသူမရှိဘူး ကျန်းမာတယ်” ဟု သူကပြောသည်။
ထို့ပြင် မိုင်းနား RC စစ်ရှောင်စခန်းတွင်လည်း ကိုဗစ်ပိုးတွေ့လူနာ ခြောက်ဦးရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“၁ ရက်နေ့က တစ်ယောက် ၃ ရက်နေ့က ငါးယောက်တွေ့တာ မြို့နယ်ဆရာဝန်က ဖျားရင်ပြောပါလို့ပြောတယ်။ ငါးယောက်ကဆေးရုံမှ တစ်ယောက်က camp အတွင်းမှာပဲ ကုသပေးနေတယ် အားလုံး ကျန်းမာရေး ကောင်းတယ်။ ပိုးတွေ့ထဲမှာ အသက် ၆၀ကျော်နှစ်ယောက်ပါတယ် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ပါတယ်” ဟု သူကပြောသည်။
မြစ်ကြီးနားမြို့ အင်ဂျန်ဒုံစစ်ရှောင်စခန်းရှိ ပိုးတွေ့လူနာများမှ နှစ်ဦးတွင်သာ ပိုးထပ်မံတွေ့ရှိနေပြီး ကျန်သူများတွင် ပိုးမတွေ့တော့ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
“အသက် ၇၄ နှစ် အဘွားနဲ့ အသက် ၅၄ နှစ်အရွယ် အဖိုးမှာပဲ ပိုးဆက်တွေ့တယ်။ ကျန်တဲ့သူတွေမှာ ပိုးမတွေ့တော့ဘူး။ သူတို့ ကျန်မာရေး အခြေအနေကတော့ အခုချိန်ထိကတော့ အရမ်းဆိုးတယ် ဆိုတာမျိုးတော့ မရှိသေးဘူး ကျန်းမာရေးကတော့ နည်းနည်းကောင်းလာပြီ အာဟာရ နည်းနည်းဖြည့်ပေးရင်တော့ အကုန် ပြန်ကောင်းမဲ့ အနေအထားမှာ တော့ရှိတယ်” ဟု သူကပြောသည်။
စစ်ရှောင်စခန်းအသီးသီးတွင် အစားအစာနှင့် ဆေးဝါးအကူအညီများလိုအပ်လျက်ရှိသည်ဟု စခန်းတာဝန်ခံများက The 74 Media ကိုပြောပြီး အင်ဂျန်ဒုံစစ်ရှောင်စခန်းတွင် ကိုဗစ်၁၉ ကို ထပ်မံစစ်ဆေးလိုသော်လည်း စစ်တံမလောက်ငှမှုကြောင့် အဆင်မပြေဖြစ်နေသည်ဟု ပြောသည်။
“Camp တခုလုံးကိုလဲပြန်ပြီးတော့စစ်ချင်သေးတယ် ဒါပေမယ့် စစ်တံကမလောက်ဘူးဖြစ်နေတယ် ဝယ်ဖို့အတွက်လည်းအဆင်မပြေဘူးဖြစ်နေတယ်။ လက်ဆေးဆပ်ပြာ mask လက်သန့်ဆေးတို့ သောက်ဆေးတို့ ပိုးသတ်ဆေး ဖြန်းဆေးတို့လည်းလိုတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ စစ်ရှောင်စခန်း ခုနှစ်ခုတွင် ပိုးတွေ့လူနာ စုစုပေါင်း ၂၃၈ ဦးထက်မနည်းရှိသည်။

ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကန့်သတ်နယ်မြေ သတ်မှတ်ထားသော စစ်ရှောင်စခန်းများမှာ မိုင်းနား KBC စစ်ရှောင်စခန်း၊ မိုင်းနား RC စစ်ရှောင်စခန်း၊ ရွှေစက် စစ်ရှောင်စခန်း၊ ပလန တြီနတီ စစ်ရှောင်စခန်း၊ အင်ဂျန်ဒုံ စစ်ရှောင်စခန်း၊ ဂျန်မိုင်ကောင်း RC စစ်ရှောင်စခန်းနှင့် နောင်းပုံ စိန့်ဂျွန်းကတ်သလစ်ဘုရားကျောင်းမှ စစ်ရှောင်စခန်းတို့ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ