မဂါးယန်စစ်ရှောင်စခန်းတွင် မြေပြိုမှု

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသအတွင်းရှိ မဂါးယန် စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြေပြိုကျခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ လူနေအိမ် ၁၅ လုံး ပျက်စီးသွားကြောင်းသိရသည်။

မဂါးယန်စစ်ရှောင်စခန်းတွင် မြေပြိုမှု

 

အသက် ၃၈ နှစ်ခန့်အရွယ် ဒေါ်ရှဂရီလု ဟုခေါ်ဆိုသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၁၅ လုံးပျက်စီးသွားကြောင်း အဆိုပါစစ်ရှောင်တာဝန်ခံ ဦးတန်ဂွန်းက The 74 Media ကိုပြောသည်။
“အဒေါ်တစ်ယောက်ဆုံးသွားပြီ။ အခု ကျွန်တော်တို့ ရှာဖွေရေးတွေ ဆက်လုပ်နေတုန်းပဲ။ လုံးဝယူလို့မရတော့တဲ့အိမ် ၅ အိမ်ရှိပြီ။ ပျက်စီးသွားတဲ့အိမ်က ၁၀ အိမ်။ အားလုံးပေါင်း ၁၅ အိမ်” ဟုပြောသည်။
ယခုချိန်တွင် အန္တရာယ်ရှိနိုင်သည့် နေရာတွင်ရှိသည့် စစ်ရှောင်များအား ဘေးလွတ်ရာ နေရာများ၌ ပြောင်းရွှေ့ထားကြောင်း သူကဆက်ပြောသည်။
“လောလောဆယ် စိုးရိမ်ရတဲ့နေရာမှာရှိတဲ့ အိမ်တွေက သူတွေကိုတော့ ကျွန်တော်တို့ ဘုရားကျောင်းမှာရွှေ့ထားတယ်။ မြေပြိုနိုင်လောက်တဲ့နေရာမှာ ရှိတဲ့သူတွေကိုရွှေ့ထားပြီ” ဟု ပြောသည်။
ထိုစစ်ရှောင်စခန်းတွင် လူဦးရေ နှစ်ထောင်ကျော်ရှိပြီး Lockdown ချထားသော စစ်ရှောင်စခန်းမဟုတ်ကြောင်း သူက ပြောသည်။
မဂါးယန်စစ်ရှောင်စခန်းတွင် မြေပြိုမှုကြောင့် တစ်ဦးထက်ပို၍ သေဆုံးကြောင်း ပြောဆိုနေကြသော်လည်း The 74 Media မှ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ်ကလည်း အဆိုပါ စစ်ရှောင်စခန်းတွင် မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် လူနေအိမ်အချို့ ပျက်စီးမှုများရှိခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်းသိရသည်။

Photo : Simsa Kasa

သင့်ထင်မြင်ချက်ရေးပေးပါ