မိုးညှင်းမြို့နယ်အတွင်း မပေါက်ကွဲသေးသော လက်ပစ်ဗုံးကို ကေအိုင်အေက လာရောက်ရှင်းလင်းပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယမန့်နေ့ ဩဂုတ်လ ၁၀ ရက် ည ၁၀ နာရီခန့်က နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိသေးသည့် လက်ပစ်ဗုံးများကို ကေအိုင်အေတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းသွားကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်း မပေါက်ကွဲသေးသော လက်ပစ်ဗုံးကို ကေအိုင်အေက လာရောက်ရှင်းလင်းပေး

 

လက်ပစ်ဗုံးများ ဖယ်ရှားပေးရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဆက်သွယ်ခဲ့သော်လည်း ရှင်းလင်းပေးခြင်းမရှိဘဲ ကေအိုင်အေ တပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လက်ပစ်ဗုံးနဲ့ ပတ်သက်ပြီး ရဲစခန်းကို အကြောင်းကြားတော့ ရဲတွေက မအားသေးဘူး လို့ပြောတယ်၊ နင်တို့ ကြည့်ပြီးဖြေရှင်းလိုက်လို့လည်း ပြောပြန်တယ်၊ အဆင်ပြေသလို နင်တို့ လုပ်ယူလိုက်လို့ ပြောတယ်။ စစ်တပ်ဘက်ကလူတွေက ပစ်ခဲ့ပေမယ့် လာမသိမ်းပေးဘူး။ ကေအိုင်အေက လာသိမ်းပေးသွားတာ” ဟု သူကပြောသည်။
စစ်ကောင်စီတပ်က ယမန်နေ့ညကဲ့သို့ လာရောက်ပစ်ခတ်မည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြကြောင်း သူကဆက်ပြောသည်။
မိုင်းနောင်ကျေးရွာတွင် ယမန်နေ့ညက စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အောက်ဆီဂျင် ရှူနေရသည့် နှလုံးရောဂါသည် လူနာ တစ်ဦးသေဆုံးခဲ့ပြီး၊ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး လက်မောင်ရိုးကျိုး၊ မီးနေသည် အမျိုးသမီး တစ်ဦး ခါးမှ တင်ပဆုံရိုးအထက် ကျည် ထုတ်ချင်းပေါက် ဒဏ်ရာနှင့် ကလေးငယ်နှစ်ဦး မှန်ကွဲစ ထိမှန်သည့် ဒဏ်ရာများရရှိခဲ့သည်။

ပစ်ခတ်ခံခဲ့ရသည့် နေအိမ်ငါးအိမ်မှာလည်း အိမ်နံရံများ၊ အိမ်အမိုးများ၊ တံခါးများနှင့် နေအိမ်အတွင်းရှိ ပစ္စည်းအချို့ ပျက်စီးခဲ့မှုများ ရှိခဲ့ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ