ကေအိုင်အေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့အနီး ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA ) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၉၉ ဟု ယူဆရသည့် တပ်ဖွဲ့ဝင်များသည် ဒလုံ ကျေးရွာအနီး စစ်ရေးလှုပ်ရှားလာချိန်တွင် ကေအိုင်အေတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မုံးကိုးမြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့တို့အကြား ယခုလဆန်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ဒေသခံရာချီစစ်ဘေးရှောင်ခဲ့ရသည်။
မုံးကိုးမြို့သည် ၂၀၁၆ ခုနှစ် တွင် ကချင် လွတ်လပ်ရေး တပ် (KIA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLIA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပူးပေါင်း ထားသည့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် မြို့နယ်တစ်ခုဖြစ်သည်။
မုံးကိုးမြို့တွင် ရပ်ကွက် ၇ ခုရှိပြီး လူဦးရေ ၈၀၀၀ ကျော်ရှိကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် စစ်ကောင်စီလက်အောင်ခံ ပြည်သူ့စစ်အဖွဲ့အချို့ အခြေချလှုပ်ရှားကြသည်။

Ref: The Kachin Net

Photo Credit – Arturo Rodriguez

သင့်ထင်မြင်ချက်ရေးပေးပါ