ဖားကန့် လုံးခင်းတွင် တစ်ရက်အတွင်း ကိုဗစ်၁၉ အတည်ပြုလူနာ ၃၄ ဦးရှိ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ သင်္ဂဟလူမှုကူညီရေးအသင်းက ကျေးရွာအတွင်းရှိလူများကို ကိုဗစ်စစ်ဆေးပေးရာတွင် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပိုးတွေ့ရှိသူ ၃၄ ဦးရှိကြောင်း သိရသည်။

လုံးခင်းအုပ်စုရှိ အနံ့ပျောက် ကိုဗစ်သံသယလူနာ ၆၄ ဦးကို စစ်ဆေးပေးရာ ၃၄ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကိုဗစ်လူနာများကို လိုက်ပါ ကူညီပေးနေသူတစ်ဦးက The 74 Media ကိုပြောသည်။
“လုံးခင်းအုပ်စု လာစစ်တဲ့ဟာတွေ တွေ့တာတဲ့ ဒီနေ့ ၆၄ ယောက်စစ်တာ လာစစ်တဲ့ဟာတွေနဲ့ အနံ့ပျောက်လို့ လာစစ်ကြတာတဲ့၊ လာစစ်တဲ့သူတွေ တစ်ရက်တစ်ရက်ကို အယောက် ၆၀လောက်ရှိတယ် တစ်ခါတစ်လေကြရင် ၅၀ လောက်ရှိတယ် အဲ့တာတွေစစ်တာ၊ ဒီနေ့ ၃၄ ယောက်တွေ့တာတဲ့” ဟု သူကပြောသည်။
ကိုဗစ်၁၉ တတိယလှိုင်းတွင် ဖားကန့်မြို့နယ်၌ ကျောက်ဝိုင်းများဖွင့်ထားဆဲဖြစ်ပြီး ပိုးတွေ့နေအိမ်များကိုလည် ကန့်သတ်နယ်မြေသတ်မှတ်ခြင်းမရှိတာကြောင့် လိုက်လံကူညီပေးနေသူများအနေဖြင့် အခက်အခဲ ကြုံနေရကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဖားကန့်မှာက ဒီတိုင်းဆိုရင် မနိုင်ပါဘူး လူဦးရေ ၁၀၀ မှာ ၇၅ လောက်ဖြစ်နေတာ လော်ခ့်ဒေါင်းတွေ လိုက်မချဘူး၊ သူတို့ဟာ သူတို့ ဖြစ်တယ်ဆို အိမ်ပြင်မထွက်ပဲ အဲ့လိုပဲ နေကြတာ၊ stay at home ကထုတ်နေတာပဲ ဒါပေမဲ့ ကျောက်ဝိုင်းတွေကတော့ ဖွင့်နေတုန်းပဲ၊ စားသောက်ဆိုင်တွေက ပါဆယ် စနစ်တော့ ဖြစ်သွားပြီ” ဟုသူကပြောသည်။
လုံးခင်းကျေးရွာတွင် ပိုးတွေ့လူနာအများစုမှာ အောက်စီဂျင်ပေးထားရပြီး သေဆုံးမှုများတွင်လည်း မိသားစုဝင်များမှ လိမ်လည်မှုများရှိနေသည်ဟု ကိုဗစ်လူနာများကို လိုက်ပါ ကူညီပေးနေသူတစ်ဦးက ဆက်ပြောသည်။
“လုံးခင်းမှာက အောက်စီဂျင်ပေးနေရတဲ့ ပိုးတွေ့လူနာတွေ အများကြီးပါ တစ်ညလုံး (Positive) လူနာတွေ အိမ်တိုင်း လိုက်ပီး အောက်စီဂျင် လိုက်ချိန်းနေရတာ များပါတယ်။ အမှန်က နာရေးရှင်တွေက ညာကြလို့ပါ၊ သေတာက Positive လက်မှတ်လာထိုးတဲ့ခါက ၉၆ ပါး ရောဂါဆိုပြီး လာထိုးကြတော့ ကိုဗစ်ကြောင့်လို့ ပြောရခက်တယ်” ဟုသူကပြောသည်။
ကိုဗစ် တတိယလှိုင်းတွင် ဖားကန့်မြို့နယ်၌ လူမှုကူညီရေး အသင်းများ၏ ပြောကြားချက်များအရ ကိုဗစ်အတည်ပြုရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၁၀ ဦး အထက်ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များအရ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ဖားကန့်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၃၈ ဦးရှိပြီး ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့ထိ ပိုးတွေ့သူ စုစုပေါင်း ၁၉၂၄ ဦးရှိဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ