COVID-19 Update

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင် ကိုဗစ်၁၉ အတည်ပြုလူနာနှစ်ဦးတွေ့ရှိသည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးကော်မတီထံမှ သိရသည်။

ပိုးတွေ့သူနှစ်ဦးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မိုင်ဂျာယန်တွင် ကျောင်းလာတက်သူများဖြစ်ကြသည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးကော်မတီ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝေါမ် က The 74 Media ကိုပြောသည်။
“တွေ့တာက ၂ ယောက်ပေါ့။ မိန်းကလေးတစ်ယောက် ယောကျာ်းလေးတစ်ယောက်။ အပြင်က ကျောင်းလာတက်တဲ့သူတွေ ဟုတ်တယ်။ မိုင်ဂျာယန်ကို ဝင်လာတာက ၁ ပတ်လောက်တော့ရှိလောက်ပြီ။ ရောက်တာနဲ့ Quarantine Center မှာထားတာပြီးမှ နှာခေါင်းတို့ပတ်ကို တရုတ်ပြည်မှာစစ်ပြီး မနေ့က တွေ့တာဟုတ်တယ်” ဟု ပြောသည်။
ပိုးတွေ့သူနှစ်ဦးကို မိုင်ဂျာယန်ကိုဗစ်ဆေးရုံတွင်ဆေးကုသပေးလျက်ရှိပြီး လက်ရှိအချိန်တွင် အအေးပတ်ချောင်းဆိုးနေသည်ဟု သူက ဆက်ပြောသည်။
ပိုးတွေ့နှစ်ဦးနှင့် ဆက်စပ်သူများကို ကိုဗစ်၁၉ စစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ကြောင်းသိရသည်။

မိုင်ဂျာယန်မြို့သည် တရုတ်-မြန်မာနယ်စပ်ရှိ ကေအိုင်အိုထိန်းချုပ်နယ်မြေတစ်ခုဖြစ်ပြီး ကချင်အမျိုးသားကောလိပ်၊ ပညာရေးကောလိပ်နှင့် ဖက်ဒရယ်ဥပဒေအကယ်ဒမီနှင့် အခြားကျောင်းများ တည်ရှိရာမြို့ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ