မိုးကောင်းမြို့တွင် ကိုဗစ်၁၉ ပိုးတွေ့သူ ၁၄ ဦးထပ်တိုး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့၌ ကိုဗစ်၁၉ ပိုးတွေ့ရှိသူ ၁၈ ဦးနှင့် ဆက်စပ်သူများအား စစ်ဆေးကြည့်ရာ ယနေ့ ၁၄ ဦး ထပ်မံတွေ့ရှိကြောင်းသိရသည်။

ကိုဗစ်၁၉ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူ ၂၈ ဦးကို စစ်ဆေးရာမှ ၁၄ ဦးတွင်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားဖို့ရှိသည်ဟု ဆေးရုံနှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။
“မနေ့က ပိုးတွေ့ ၁၈ ဦးနဲ့ ထိတွေ့တဲ့သူတွေ ၂၈ ယောက်ကို ထပ်စစ်ကြည့်တာ နောက်ထပ် ၁၄ ဦးတွေ့တာ။ ကိုဗစ်ပိုးတွေ့လူနာတွေနဲ့ ကွင်းဆက်တွေချည်းပဲ။ တချို့ကတော့ ခရီးသွားရာဇဝင်ရှိတယ်။ အဓိကက မှော်ထဲပေါ့။ ဖားကန့် လုံးခင်းပြန်တွေ” ဟုသူကပြောသည်။
ပိုးတွေ့ရှိသူများ၏ နေအိမ်များကို lockdown ချထားပြီး ပိုးတွေ့သူအသစ်များနှင့် ဆက်စပ်သူများကိုလည်း မနက်ဖြန်တွင် ထပ်မံ စစ်ဆေးသွားမည်ဟု သိရကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့ရှိသူများမှာ နတ်ကြီးကုန်း၊ ရွာသစ်၊ မြို့ဦးနှင့် ကျွန်းတောရပ်ကွက်တို့တွင် နေထိုင်သူများဖြစ်ပြီး ရောဂါလက္ခာဏာ ထွေထွေထူးထူး မတွေ့ရှိရသော်လည်း မိုးကောင်းဆေးရုံနှင့် မြို့နယ်အားကစားကွင်းတို့တွင် ထားရှိ၍ စောင့်ကြည့်နေကြောင်း သိရသည်။

ကိုဗစ် တတိယလှိုင်း၌ မိုးကောင်းမြို့တွင် သုံးရက်အတွင်း ပိုးတွေ့ရှိသူ စုစုပေါင်း ၃၄ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ