မြစ်ကြီးနားမြို့ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးအရာရှိတွင် ကိုဗစ်၁၉ ပိုးတွေ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်တွင် နေထိုင်သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ၏ ဦးစီးအရာရှိတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသောကြောင့် နေအိမ်ကို lockdown ချထားကြောင်းသိရသည်။

မြစ်ကြီးနားမြို့ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးအရာရှိတွင် ကိုဗစ်၁၉ ပိုးတွေ့

 

စသုံးလုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်မိုးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသဖြင့် ၎င်း၏ နေအိမ်နှင့် မိသားစုပိုင် လုပ်ငန်းများအား ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က Lockdown ချလိုက်သည်ဟု အမည်မဖော်လိုသူ ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့က လာပိတ်သွားလို့ မေးကြည့်တော့ စသုံးလုံးက တစ်ယောက် positive တဲ့။ ကျန်တဲ့အိမ်သားတွေတော့ မတွေ့သေးဘူးပြောတယ်။ စစ်ထားတုန်းပေါ့။ အိမ်ရော သူတို့ဌားထားတဲ့ ကားဆေးမှုတ်လုပ်ငန်းကိုရော လမ်းထဲက သူတို့ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကိုရော မနေ့က တိတ်တွေနဲ့ လာကပ်သွားကြတာ” ဟုသူကပြောသည်။
ဦးမောင်မောင်မိုး၏ နေအိမ်တွင် မိသားစုဝင် လေးဦးရှိပြီး ဆိုင်ခန်းငှားရမ်းနေထိုင်သူများလည်းရှိသည်။
ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) တိုင်းမှူး၊ သူ့၏ကိုယ်ရေးအရာရှိအပြင် စစ်ဆေးရေး ဂျီဝမ်းနှင့် ဂျီတူးတို့တွင်လည်း ဇူလိုင်လ လဆန်းပိုင်းက ကိုဗစ် ၁၉ ပိုး ကူးစက်ခံထားရကြောင်း သိရသည်။

စစ်ကောင်စီ၏ ကျန်မာရေးဌာန ထုတ်ပြန်ချက်အရ ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကိုဗစ်၁၉ ကူစက်ခံရသူ စုစုပေါင်း ၁၀၉ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ