AGD ဘဏ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) တွင် ဝန်ထမ်းတစ်ဦးပိုးတွေ့သဖြင့် ယနေ့မှစပြီး ဘဏ်ကိုယာယီပိတ်လိုက်သည်ဟု သိရသည်။

ဘဏ်ဝန်ထမ်းအမျိုးသားတစ်ဦး အနံ့ပျောက်သဖြင့် ယမန်နေ့ကစစ်ဆေးကြည့်ရာ ပိုးတွေ့သဖြင့် ယနေ့ဘဏ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဘဏ်ဝန်ထမ်းနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့ကစပြီး ဘဏ်ပိတ်လိုက်တာ နှစ်ပတ်ကြာမယ်တဲ့။ ဝန်ထမ်းတစ်ဦးပိုးတွေ့လို့ဆိုပြီး ကျန်ဝန်ထမ်းတွေကို စစ်ဆေးဖို့ လောလောဆယ်စစ်ဆေးရုံက လက်မခံသေးဘူးလို့ကြားတယ်။ ဝန်ထမ်းတွေကို home quarantine အနေနဲ့နေခိုင်းတယ်”ဟု ပြောသည်။
ပိုးတွေ့ရှိခဲ့သည့် ဘဏ်ဝန်ထမ်းသည် လွန်ခဲ့သည့်အပတ်မှစ၍ နေမကောင်းသဖြင့် ခွင့်ယူသည်များရှိခဲ့ပြီး အနံ့ပျောက်လာသောကြောင့် အရေးပေါ်စစ်ဆေးကြည့်ရာ ပိုးတွေ့ရှိခဲ့သည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
“အရင်အပတ် အင်္ဂါနေ့ကစပြီး နေမကောင်းလာလို့ သောကြာနေ့မှာ ခွင့်တိုင်ခဲ့တယ်။ တနင်္လာနေ့မှာ နည်းနည်းပြန်သက်သာလာလို့ ရုံးပြန်တက်တယ်။ ဖျားတာသက်သာလို့ ဘဏ်မှာရုံးတက်ပေမယ့် သူကအနံ့ပျောက်လာတယ်။ အနံ့ပျောက်လို့ မနေ့ကမနက်မှာ စစ်ဆေးရုံမှာ သွားစစ်ကြတာ။ စစ်ဆေးရုံကလူ ၁၀၀ ပြည့်သွားလို့ နောက်သုံးရက်နေမှ လာဖို့ပြောတယ်။ ဒါပေမဲ့ အရေးကြီးအရေးပေါ် ဘဏ်ဝန်ထမ်းတွေရော အားလုံးစစ်ရမှာမို့လို့ ဒီနေ့အဲ့သုံးယောက်စလုံးကို မြန်မြန်စစ်ပေးလိုက်တာ။ စစ်ပေးလိုက်တော့ result အခုတစ်ခါတည်းထွက်တယ်။ သုံးယောက်သွားစစ်တဲ့အခါမှာ တစ်ယောက်က positive နှစ်ယောက်က negative” ဟု ပြောသည်။
ကိုဗစ်ပိုးတွေ့ရှိခဲ့သော ဘဏ်ဝန်ထမ်းသည် အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ရမ်ပူရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၂၈၇ ဦးဖြစ်ပြီး ၁၀၉ ဦးမှာ မြစ်ကြီးနားမြို့မှဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ