ပူတာအို လုံရှာယာန်ကျေးရွ

ကချင်ပြည်နယ် ပူတာအိုခရိုင် လုံရှာယာန်ကျေးရွာတွင် ယနေ့နံနက် ၈နာရီခွဲခန့်၌ စစ်ကောင်စီတပ်များက ရပ်ကွက်နေပြည်သူများ၏ နေအိမ်အတွင်းဝင်ရောက်၍ တူးမီးသေနတ်များနှင့် ပိုက်ဆံများ ယူဆောင်သွားကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် လုံရှာယာန်ကျေးရွာ ရပ်ကွက် ၂ တွင် လူရှာသည်ဟုဆိုကာ ဝင်ရောက်လာပြီး နေအိမ်များမှ တူးမီးသေနတ်များနှင့် ငွေပိုက်ဆံများ ယူဆောင်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့ လူတစ်ယောက်လာရှာတယ်ဆိုပြီး ဝင်လာတာဟုတ်တယ်။ သင်းအုပ်ဆရာအိမ်လည်း ဝင်တယ်။ အင်မောင်း တူးတောင်အိမ်က တူးမီးသေနတ် ၂ လက် ယူသွားတယ်။ ရွာထဲက တခြားအိမ်တွေလည်းဝင်တယ်။ ဝင်ပြီးမှ ပိုက်ဆံတွေ ဘာတွေယူပြီး ခဏတုန်းက ၁၁ နာရီလောက်မှာ ပြန်ထွက်သွားကြပြီ” ဟုသူကပြောသည်။
စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းသို့ လူခွဲပြီး နံနက် ၈ နာရီခွဲခန့်၌ ဝင်ရောက်လာခြင်းဖြစ်ကာ မည်သည့်တပ်များဖြစ်သည်ကို မသိရှိကြောင်း သူက ဆက်ပြောသည်။
ပူတာအိုမြို့နယ်တွင် ပူတာအိုအခြေစိုက် ခလရ ၁၃၇ နှင့် ၁၃၈ တပ်ရင်းများရှိသည်။

ပူတာအိုခရိုင် လုံရှာယာန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာတွင်လည်း ဇူလိုင် ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်များက ဒေသခံပြည်သူတို့၏ တူးမီးသေနတ် ၅ လက်နှင့် ငွေသားအချို့ယူဆောင်သွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ