နှာခေါင်းစည်း (Mask) ဈေးနှုန်းများ

ကချင်ပြည်နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ကိုဗစ် ၁၉ ကူးစက်နှုန်းမြင့်တက်လာသည့်အတွက် ဈေးကွက်တွင် နှာခေါင်းစည်း (Mask) နှင့် လက်သန့်ဆေးရည် (Hand Gel) ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် နှာခေါင်းစည်း (Mask) နှင့် လက်သန့်ဆေးရည် (Hand Gel) ဈေးနှုန်းများမှာ ယခင်ဈေးနှုန်းထက် နှစ်ဆခန့်မြင့်တက်လာကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“Mask ကတစ်ဗူး ၁၀၀၀ တန်ကနေ အခု ၂၀၀၀ ထိ တက်သွားပီ တစ်ချို့ဆိုင်မှာတော့ ၂၅၀၀ ထိ ရှိတယ် အဲ့တာတောင် mask က နှစ်မျိုးရှိတယ် တရုတ်က ထုတ်တာနဲ့ အခြား တစ်မျိုးရှိတယ် အဲ့တာက နည်းထူတယ် တရုတ်က ဟာ က ပါးတယ် အထူကတော့ အရင်က ၁၈၀၀ အခုတော့ ၃၀၀၀၊ ၃၅၀၀ ထိ ရှိတယ်” ဟု သူကပြောသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပွားပြီး အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်များ မြင့်တက်လာပြီး ယခုကဲ့သို့ ကိုဗစ်တတိယလှိုင်း ဖြစ်ပွားလာသောကြောင့် ကုန်ဈေးနှုန်များ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်သည်ဟု ဈေးဆိုင်ပိုင်ရှင်တစ်ဦးက The 74 Media ကိုပြောသည်။
“ကုန်ဈေးနှုန်းလည်းတက် ပြည့်ဝဆီဆိုတစ်ပိဿာ ၂၅၀၀ ကနေ ၄၀၀၀ ထိတက်သွားတယ် ဆပ်ပြာမှုန့်တွေ ကောဘဲ ပုံးကြီးကို ၁၄၀၀၀ ကနေ ၁၇၀၀၀ ထိ တက်သွားတယ် အခုလို နိုင်ငံရေးမကောင်းနေတဲ့အချိန် ကိုဗစ် ရောဂါပြန်ဖြစ် အခုက ပိုတောင်ကြောက်စရာကောင်းတယ် ဈေးနှုန်းက တက်ပဲတက်နေရင် ရေရှည်ဆို ဒုက္ခရောက်တော့မှာ” ဟုသူကပြောသည်။
ကိုဗစ် ၁၉ စတင်ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ်က နှာခေါင်းစည်း (Mask) ၅၀ ခုပါ တစ်ဗူးတွင် ငွေကျပ် ၃၅၀၀၀ ထိရှိခဲ့သည်။
ကချင်ပြည်နယ်အတွင်း ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့ လူနာစုစုပေါင်း (၇၅) ဦးရှိသည်။

Photo – မြစ်ကြီးနားမြို့တွင် တွဲလက်လူငယ်အဖွဲ့မှ Mask Campaign ပြုလုပ်စဉ်က ရိုက်ကူးထားသောပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ