COVID-19 Update

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုက ဝန်ထမ်း ၁၆ ဦးတွင် ဇွန်လ ၂၃ ရက်နေ့က ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့ရှိခဲ့သည့် အကင်ဆိုင်နှင့် ဘားဆိုင်ပူးတွဲဖွင့်ထားသော စားသောက်ဆိုင်မှ ဝန်ထမ်း ၁၆ ဦးသည် အနံ့ပျောက်၍ ဆေးစစ်ခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ကိုဗစ်ပိုးတွေ့ရှိသူ၏ အမည်အဖော်လိုသူ မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“လက္ခဏာပြတာက တစ်ပတ်ကျော်နေပြီ လို့ပြောတယ်။ အိမ်ကတစ်ယောက်က နှာစေးပြီး အနံ့မရတယ်ပဲထင်ပြီး ဆေးခန်းတွေ တော်တော်များများ လိုက်ပြထားတာ။ အဲလိုချိန်မှာ တခြားသူတွေပါထပ်ဖြစ်လာတော့ မသင်္ကာတာနဲ့ စစ်လိုက်တာ positive ထွက်ကြတာ။” ဟု သူကပြောသည်။
ဝန်ထမ်းစုစုပေါင်း ၁၈ ဦးကို နှာခေါင်းတို့ပတ်ယူ ဆေးစစ်ခဲ့ရာ စားဖိုမှူး အပါအဝင် ၁၆ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုကိစ္စသည် ဖုံးကွယ်ရန်မသင့်ပဲ အားလုံး သတိထားသင့်ကြောင်း သူကဆက်ပြောသည်။
“ဆိုင်ရှင်ကြတော့ သူ့ရဲ့စီးပွားရေးကြောင့် ဖုံးထားချင်တယ်ထင်တယ်။ ကျွန်မအမြင်ကတော့ ဒါက ဖုံးကွယ်ထားလို့ မရဘူးလေနော်။ စားသုံးသူတွေဆီကတစ်ဆင့် သူတို့ကူးကြတယ် ဆိုရင်တောင် သူတို့က တစ်ယောက်ပြီး တစ်ယောက် ကူးကြပြီလေနော်။ သူတို့ဆီကလည်း ပြန်ကူးကြမှာပဲလေ။” ဟုသူကပြောသည်။
ပိုးတွေ့ရှိသူ ၁၆ ဦးမှာ ချောင်းဆိုး၊ အနံ့ပျောက်နေခြင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် ရှိကြောင်းသိရသည်။
ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စားသောက်ဆိုင်သည် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ ဆိုင်အတွင်း Maintenance ပြုလုပ်မည်ဖြစ်သဖြင့် ရက်အကန့်အသတ်မရှိ ဆိုင်ပိတ်မည်ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၀ ဦးရှိပြီဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနမှ ထုတ်ပြန်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ