ဗလမင်းထင်တံတား

ကချင်ပြည်နယ် ဧရာဝတီမြစ်ပေါ်ရှိ ဗလမင်းထင်တံတားကို ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီမှ စ၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ယမန်ညက ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ဆေးရေးဂိတ်တွင် မည်သူမျှမရှိကြောင်း ကြောင်းသိရသည်။

ဗလမင်းထင်တံတား သည် ယမန်ညက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်နောက်ပိုင်းမှစ၍ ယနေ့နံနက် ၈ နာရီခွဲခန့်အထိ ပိတ်ထားပြီး ၉နာရီခန့်တွင် ပြန်လည် ဖြတ်သန်းသွားလာခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု တံတားဖြတ်သန်းချိန် စစ်ဆေးခံရသည့် အမည်မဖော်လိုသူ တစ်ဦးက The 74 Media ကိုပြောသည်။
“မနက်ပိုင်းကတော့ တံတားပိတ်ထားတယ် အခုကတော့ လမ်းဖွင့်ပီ စစ်သားတွေအရမ်းများတယ် ဘယ်နှယောက်ဆိုတာ မရေထားမိဘူး စစ်နေတာနဲ့ ဖုန်းနဲ့လူကော အရမ်းစစ်တယ် ဖုန်းက messenger အထိဝင်စစ်တယ် ဖမ်းခံရတဲ့သူလည်း ရှိမှာ ဖြတ်တဲ့သူတိုင်းကို ဖုန်းနဲ့ လူတွေ အကုန်စစ်နေတာ” ဟုသူကပြောသည်။
တိုက်ခိုက်ခံရသည့် မိုင်းနားစုပေါင်းဂိတ်တွင် ယခင်က စောင့်ကြပ်ခဲ့သည့် ရဲ၊ စစ်သားနှင့် လ.ဝ.က ဝန်ထမ်းများ မည်သူမှမရှိဘဲ တိုက်ခိုက်မှုကြောင့် ဂိတ်ရှိအဆောက်အအုံအချို့ပျက်စီးနေသည်ကို တွေ့ရသည်။
တံတားအရှည်မှာ ၂၆၈၈ ပေရှိသည့် ဗလမင်းထင်တံတားကို ၁၉၉၈ နိုဝင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ