မိုးညှင်းတွင် အကဆရာတစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ယနေ့နံနက် ရှစ်နာရီခန့်က ရေလည်ကျွန်းရပ်ကွက်တွင်နေထိုင်သော အကဆရာတစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

သပိတ်ကို ဦးဆောင်သူဟုစွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့မှ စစ်သား၊ ရဲနှင့် အရပ်ဝတ်များက ၎င်း၏ အကသင်တန်းပြုလုပ်နေသည့် မြို့မရပ်ကွက်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့ကို ဦးဆောင်နေတယ်ထင်လို့လေ။ ပြီးတော့မနေ့က သပိတ်ထဲပါလို့လို့ပြောတယ်။ သူက မနက်ပိုင်းဆို အကသင်ပေးတယ် zumba လိုမျိုး။ စစ်သားနဲ့ရဲတွေ ယူနီဖောင်းရော၊ အရပ်ဝတ်တွေရောပါတယ်။ အိမ်စီးကားနဲ့ ဆိုင်ကယ်လေးငါးစီး သေနတ်တွေနဲ့အရင်ဝိုင်းပြီး ဖမ်းတာ။ အင်အားကတော့ ကားနှစ်စီးစာ၊ နောက်မှ အချုပ်ကားထဲပြောင်းတာ”ဟုပြောသည်။
ဖမ်းဆီးခံရသော အကဆရာမှာ အသက် ၂၉နှစ်အရွယ် မောင်ဝေယံမျိုး(ခ)မျိုးမျိုးဖြစ်ပြီး မိုးညှင်းမြို့ ရေလည်ကျွန်းရပ်ကွက်တွင်နေထိုင်သူ တစ်ဦးဖြစ်ကြောင်းသူကဆိုသည်။
မိသားစုဝင်များက ရဲစခန်းတွင်စုံစမ်း၍မရသောကြောင့် စစ်ကြောရေးထဲသို့ ခေါ်သွားခြင်းဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

မိုးညှင်းမြို့တွင် ယမန်နေ့က ရေလည်ကျွန်းရပ်ကွက်ရှိပြည်သူများ၏ နေအိမ်အတွင်းသို့ စစ်ကောင်စီမှ ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ပြည်သူများအား သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများရှိခဲ့သည့်အပြင် ဒေသခံနှစ်ဦးလည်း ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ