ချီဖွေတွင် CDM ပြည်နယ်သူနာပြုဦးစီးမှူး ဖမ်းဆီးခံရ

CDM လှုပ်ရှားမှုတွင်ပါဝင်သော ကချင်ပြည်နယ် သူနာပြုဦးစီးမှူး ​ဒေါ်လာချိတ်လွမ်းညွယ်ကို ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ည ၈နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချီ​ဖွေမြို့ရှိ နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

ချီဖွေဆေးရုံတွင် Non-CDM သူနာပြုဝန်ထမ်းတစ်ဦး၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ချီဖွေဆေးရုံက Non-CDM နှစ်ယောက်ထဲက တစ်ယောက်က သတင်းပေးလိုက်လို့ပါ။ Non-CDM ဆိုပေမယ့် ဆေးရုံမှာ လူနာတွေလာရင် ဘာမှမလုပ်ပေးဘူး။ မြစ်ကြီးနားပဲ ဆင်းခိုင်းတယ်။ ဖမ်းဆီးခံရတဲ့ ဆရာမကြီးက ဒီမှာ CDM လာလုပ်လာနေတာ နှစ်လပိုင်းကတည်းက။ ဒီက ဒေသခံ မရှိဆင်းရဲသားတွေ၊ မြစ်ကြီးနား မဆင်းနိုင်တဲ့ လူနာတွေကို ဆေးကု ပေးနေတာ။ အဲ့ဒါကိုတိုင်လိုက်လို့ မနေ့ည ၈နာရီလောက်မှာ လာဖမ်းသွားတာ”ဟု ပြောသည်။
CDM ပြုလုပ်ပြီး ဆေးခန်းဖွင့်သည်ဆိုသော အကြောင်းပြချက်အပြင်၊ ဆရာမကြီး၏ ဖုန်းကို စစ်ဆေးပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် ချီဖွေရဲစခန်းတွင် နံနက် ၃နာရီခန့်အထိ စစ်ဆေးခဲ့ကြောင်း ချီဖွေဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ဆရာမကြီးရဲ့ ဖုန်းကို သိမ်းလိုက်တယ်။ ဆရာမကြီးကို CDM ဘာကြောင့်လုပ်တယ်။ ဆန္ဒဘယ်နခါ ပြဖူးလဲ ဘာကြောင့်ပြလဲ မေးတယ်။ပြီးရင် ဖေ့စ်ဘုတ်မှာ ရှဲထားတဲ့ Post တွေကိုလည်း မှတ်တမ်းယူတယ်၊ ဒါတွေပဲ ထပ်ခါထပ်ခါမေးတယ်၊ မနက် ၃နာရီလောက်အထိစစ်တာ”ဟုဆိုသည်၊
ဆရာမ ဒေါ်လာချိတ်လွမ်းညွယ်ကို လက်ရှိအချိန်တွင် ချီဖွေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုနှင့်တွေ့ခွင့်ပေးကြောင်း မိသားစုဝင်များထံမှသိရသည်။

အသက် ၅၀နှစ်အရွယ် ဆရာမကြီးဒေါ် လာချိတ်လွမ်းညွယ်သည် ကချင်ပြည်နယ်သူနာပြုဦးစီးမှူးတစ်ဦးဖြစ်ပြီး သားသမီး နှစ်ဦးရှိကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ