မန္တလေး PDF သည် ဥပဒေနှင့်အညီ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်ကြောင်း NUG ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

တရားရေးဝန်ကြီးဌာန

မန္တလေးမြို့တွင် (၂၂.၆.၂၀၂၁) ရက်နေ့ကဖြစ်ပွားခဲ့သော
လက်နက်ကိုင် ပစ်ခတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁)
၂၄ ဇွန်လ ၂၀၂၁

မန္တလေးမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နံနက် ၇:၃၀ နာရီခန့်မှ စတင်၍ လက်နက်ကိုင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ဖိနှိပ်ရက်စက်မှုများကြောင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကျရောက်ခံစားနေကြရသော ပြည်သူလူထုအနေဖြင့် မိမိတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူလူထုကိုယ်တိုင်က ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များ၊ အင်အားအလွန်အကျွံ အသုံးပြု၍ အကြမ်းဖက် ဆောင်ရွက်မှုများနှင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်ပြီး အပြစ်မဲ့ပြည်သူလူထုအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခုခံရန်အတွက် လိုအပ်လျှင် လိုအပ်သလို ပြန်လည်တုန့်ပြန် ဆောင်ရွက်ခြင်းသည် ဥပဒေက ပေးအပ်ထားသည့် ပြည်သူလူထု၏ အခွင့်အရေး ဖြစ်သည်။ အဆိုပါကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုခြင်းမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များသည် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာရာဇဝတ်မှု ဥပဒေများကို ချိုးဖောက်လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ကိစ္စရပ်များအားလုံးအတွက် အကြမ်းဖက်စစ်ကောင်စီ အား တရားဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

တရားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

သင့်ထင်မြင်ချက်ရေးပေးပါ