ဝိုင်းမော် ရွှေညောင်ပင်ဂိတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ဂိတ်တွင် လွန်ခဲ့သော ဇွန်လ ၂၀ ရက်နေ့က ခရီးသွားပြည်သူ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူအားလုံးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်ဟု အမည်မဖော်လိုသူ ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။
“ဖမ်းခံရတဲ့သူတွေက တခါတည်းတိုင်းကိုရောက်သွားတာ ဖားကန့်ကလာကြတာ၊ လေးယောက် ကားသမားနဲ့ဆိုငါးယောက်၊ ခရီးသည်တွေက ဘယ်သူတွေဆိုတာတော့ မသိရတော့ မိသားစုနဲ့လည်း အဆက်အသွယ် မရသေးဘူး။ ရွှေညောင်ပင်အကျော်မှာ ဖမ်းခံရတာ” ဟု ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများသည် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိပါ။

ဝိုင်းမော်မြို့နယ် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ရွှေညောင်ပင်ကျေးရွာအကျော်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ရှိပြီး အဆိုပါဂိတ်တွင် မေလ ၃၀ ရက်နေ့က စစ်ရှောင်ပြည်သူများအား လိုက်လံကူညီသည့် ပရဟိတအဖွဲ့တစ်ဖွဲ့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ