ကုန်ဈေးနှုန်းမြှင့်တက်လာသဖြင့် ချီဖွေစစ်ရှောင်ပြည်သူများ စားဝတ်နေရေးခက်ခဲလာ

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းမြှင့်တက်လာမှုကြောင့် ချီဖွေမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ မိုးရာသီကာလအတွင်း စားဝတ်နေရေး ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန် မြှင့်တက်လာပြီး စစ်ရှောင်ပြည်သူများ ရရှိသည့် ထောက်ပံ့ကြေးမှာလည်း‌ လျော့နည်းလာသောကြောင့် ယခုမိုးရာသီကာလတွင် စားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်သည်ဟု အမည်မဖော်လိုသူ စစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။
“အခုက ကုန်ဈေးနှုန်းက တစ်အားတက်လာတယ် ကျွန်မတို့ကို လာပေးတဲ့ ရိက္ခာနဲ့ အဆင်မပြေဘူးဖြစ်နေတယ် အရင်က ဆန်လေးပုံးအိတ် တစ်အိတ်ကို လေးသောင်းဘဲ ဟုတ်တယ် အခုက 55000 ဟုတ်တယ်။ ဆီအရင်က တစ်ထောင့်ငါးရာတန် အခုက နှစ်ထောင့်ငါးရာပေါ့ အဲ့လိုဆိုတော့ လာမယ့်မိုးရာသီမှာ ကျွန်မတို့အတွက် မကောင်းဘူး ဖြစ်နေတာပေါ့။” ဟုသူကပြောသည်။
အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းမြှင့်တက်လာသည့်အပြင် စစ်ရှောင်ပြည်သူများအတွက် အလုပ်အကိုင်ရှားပါးသောကြောင့် စားဝတ်နေရေးအတွက် ခက်ခဲစွာဖြေရှင်းနေရကြောင်း အခြားစစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
“ဖက်ခူးပြီး တစ်စည်း တစ်ထောင်နဲ့ မနက်ဈေးမှာရောင်းတယ်။ ရတဲ့ငွေနဲ့ တစ်နေ့ဟင်းဖိုးရရင် ဟင်းဖိုးလုပ်တယ်။ တချို့က မြင်းခွာရွက်တူးတယ်။ ယောက်ျားလေးတွေက ကျောက်ခဲကောက် နေ့တိုင်းတော့မရှိဘူး ခေါ်တဲ့အချိန် အလုအယက်နဲ့ ပိုက်ဆံရှာတဲ့ နေရာက နည်းတော့ ခက်ခဲတယ်” ဟု ပြောသည်။
ချီဖွေဒေသတွင်း နေထိုင်သည့် ပြည်သူများအတွက် ဝင်ငွေရှာရန် နေရာနည်းပါးသည့် အပြင် ချီဖွေမြို့မှ ပန်ဝါသို့ နေ့စာသွားရောက်လုပ်ကိုင်ရန်လည်း ကိုဗစ်ကာလဖြစ်သောကြောင့် ခက်ခဲနေကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။
“ကိုဗစ်ဆေးမထိုးထားတဲ့ သူကိုပန်ဝါကို နေ့စားသွားခွင့် မပေးဘူး။ ဆေးက တရုတ်ကဆေးဖြစ်နေတော့ မယုံလို့ မထိုးရဲဘူး။ ဒီမှာ ဆေးက နှစ်ခါထိုးပြီးပြီ ခုကတတိယအခေါက်ရှိပြီ” ဟု သူကပြောသည်။
ချီဖွေမြို့နယ်တွင် စစ်ရှောင်ပြည်သူ အိမ်ထောင်စု စုစုပေါင်း (၅၀၀) ကျော်ရှိပြီး ကလေးသူငယ်နှင့် သက်ကြီးရွယ်အို ၁၀၀ ကျော်ပါဝင်သည်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ စစ်ရှောင်ပြည်သူတို့သည် မူလနေရပ်တွင် နေအိမ် ၃၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေရပ်ပြန်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် လုံခြုံရေးအတွက် စိုးရိမ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စစ်သားစုဆောင်းမည်ကို ကြောက်သည်ဟု စစ်ရှောင်အများစုက ပြောသည်။

သင့်ထင်မြင်ချက်ရေးပေးပါ