စစ်ကောင်စီလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၁ ဇွန်လတွင် ပြုလုပ်မည့် အိတ်ဖွင့်တင်ဒါကို ဝယ်ယူခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း မပြုရန် NUG သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ တိုက်တွန်း‌နိုးဆော်ချက်မှ

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းမှ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ပြုလုပ်မည့် အိတ်ဖွင့်တင်ဒါ/ Limited တင်ဒါများတွင် သစ်လုံး/ခွဲသားများကို ၀ယ်ယူခြင်းနှင့် ပူးပေါင်းပါ၀င်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် သတိပေး တိုက်တွန်းနှိုးဆော်ခြင်း

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် မြန်မာ့သစ်လုပ်ငန်းသည် စစ်ကောင်စီထံ ပြည်တွင်း၊ ပြည်ပဝင်ငွေ စီးဆင်းစေရေးအတွက် တင်ဒါစနစ်ဖြင့် သစ်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသို့ သစ်လုံးများ/ခွဲသားများ ဖြန့်ဖြူးရန်ကြိုးပမ်းနေပြီး ဆက်တိုက်ရောင်းချ နေလျက်ရှိပါသည်။

ယင်းသို့ သစ်လေလံရောင်းချခြင်းမှ ရရှိလာသော ပြည်တွင်း၊ ပြည်ပ ဝင်ငွေများသည် အကြမ်းဖက်စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်ရေး ထောက်ပံ့ပေးနေခြင်းဖြစ်သလို ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ရန်နှင့် ပြည်သူပိုင် အိုးအိမ်စည်းစိမ်များကို ဖျက်စီးရန်အတွက် ငွေကြေးထောက်ပံ့ပေးနေခြင်းလည်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းမှ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃၊ ၂၄ နှင့် ၂၉ ရက်နေ့များတွင် ရန်ကုန်မြို့၌ ရောင်းချမည့် ပြည်တွင်းရောင်း၊ ပြည်ပရောင်း တင်ဒါများတွင် သစ်လုံး/ ခွဲသားများကို ၀ယ်ယူခြင်းနှင့် ပူးပေါင်းပါ၀င်ခြင်း လုံးဝ (လုံးဝ) မပြုကြရန် အမျိုးသားညီညွှတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အထူးမေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်ပါသည်။
သစ်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသည် အဆိုပါ စစ်ကောင်စီ၏ မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချမည့် သစ်လေလံပွဲ များကို မပူးပေါင်း မပါဝင်ခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သော ပြည်သူများနှင့် အတူရပ်တည်၍ ပြည်သူ့ဆန္ဒကို အလေးထားသွားမည်ဟု မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

သင့်ထင်မြင်ချက်ရေးပေးပါ