ဖားကန့် တာမခန်

ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်ကျေးရွာရှိ သပိတ်စုရပ်ပြုလုပ်မည့်​နေရာတွင် ယနေ့ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်​ဖောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမခန် သပိတ်စတင်သည့် စုမှတ် ဘောလုံးကွင်း နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များက သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဆန္ဒပြ စုမှတ်နေရာမှာ သူတို့က နေနေတာ။ ပြချင်တဲ့သူ လာပြပေါ့လေ၊ အစကတော့ လေး ငါး ဆယ်ချက် နောက်တော့ အတွဲလိုက်ကို ချတာ၊ ရွာထဲမှာပစ်နေတာ အထက်က အမိန့်ဆိုပြီး ပစ်တာတဲ့ အချက်ရေ အများကြီးပစ်တာ၊ ခုက ရွာထဲထိ လာပစ်နေကြတာ”ဟု ဆိုသည်။
ထို့အပြင် ဘောလုံးကွင်း အနီးတစ်ဝိုက်ရှိ​ လူနေအိမ်အချို့တွင် ဝင်​ရောက်ကာ လိုက်လံရှာ​ဖွေမှုများပြုလုပ်ခဲ့ပြီး မည်သူတို့ ဖမ်းဆီးခံသွားရသည်ကို မသိရ​သေး​ကြောင်း သူက ဆက်​ပြောသည်။
“အိမ်တံခါးတွေကို ကန်ဖွင့်တာတော့ ဟုတ်တယ်လို့ပြောတယ်၊ ဘယ်အိမ်တွေရှာလည်းတော့ မသိဘူး၊ သပိတ်လုပ်တဲ့ ဘောလုံးကွင်း အဲ့နားမှာ လူရှာသေးတယ်” ဟု သူကပြောသည်။
ဖားကန့်မြို့နယ်တွင် အလွတ်တန်း သတင်းထောက် ၂ ဦးအပါအဝင် ပြည်သူ ၆၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ​သေနတ်ပစ်​ခတ် ဖမ်းဆီးမှုများပြုလုပ်နေ​သော်လည်း ဖားကန့်မြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်များကို ​နေ့စဥ်နီးပါး ပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ