မြစ်ကြီးနား အ.ထ.က (၁၁) တွင် လက်လုပ်မိုင်း သုံးလုံးကွဲ၊ သေနတ် သုံးချက်ဖောက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ်၁၁ အခြေခံပညာအထက်တန်းကျောင်း တွင် ယနေ့ ဇွန်လ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က လက်လုပ်မိုင်းသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ်၁၁ အခြေခံပညာ အထက်တန်းကျောင်းတွင် လက်လုပ်မိုင်း သုံးလုံးပေါက်ကွဲခဲ့ပြီး သေနတ် သုံးချက်ဖောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ သုံးလုံးပေါက်တယ် တစ်လုံးက အကျယ်ကြီး အရင်ပေါက်တယ် နောက်ဆက်တိုက်က နှစ်လုံးထပ်ပေါက်တယ် ကျောင်းရှေ့မှာ စစ်သားနှစ်ယောက်စောင့်နေတယ်၊ သူတို့အရှေ့ကို ပစ်သွားတာ ဗုံးလာပစ်လို့ သေနတ်နဲ့ လိုက်ပစ်တာ နှစ်ချက် မိုးပေါ်ထောင်ပစ်တာ” ဟုသူက ပြောသည်။
ကျောင်းတွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့သော်လည်း ထိခိုက်သူ မရှိကြောင်း သူကဆက်ပြောသည်။
မြစ်ကြီးနားမြို့ ရွှေညောင်ပင် အမှတ် ၁၁ အခြေခံပညာအထက်တန်းကျောင်းတွင် လွန်ခဲ့သော ဇွန်လ ၁၄ ရက်နေ့ နံနက်၈နာရီ ဝန်းကျင်အချိန်တွင်လည်း မိုင်းပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲခဲ့သည့် အ.ထ.က (၁၁) တွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူပေါင်း ၃၀၀ ကျော်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ