KIO နှင့် KNO တို့အကြား တွေ့ဆုံဆွေးနွေးအဖြေရှာသင့်
လတ်တလော ကချင်နိုင်ငံရေးအတိုင်းအဝိုင်းတွင် ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization-KNO) အဖွဲ့က ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းနှင့်စပ်လျဉ်းပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization-KIO) ၏ ထုတ်ပြန်ချက်ကြောင့် ကချင်အသိုင်းအဝိုင်းအကြားသာမက KIO ကိုထောက်ခံသည့် ပြည်သူများအကြား ဝေဖန်သံများထွက်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုန်းကိုးဒေသတဝိုက်တွင် KNO အဖွဲ့၏ စစ်ရေးအထူးလှုပ်ရှားရေးတပ်မဟာ (၁၀၈) ဖွဲ့စည်းခြင်းကို KIO မှ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်။
KNO မှ ၎င်းတို့၏ စစ်ရေးအထူးလှုပ်ရှားရေးတပ်မဟာ (၁၀၈) ကို ၂၀၂၁ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ထိုဖွဲ့စည်းထားရှိမှုကို KIO အား ဇွန်လ (၃) ရက်နေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လထံသို့ လိပ်မူပြီး တရားဝင်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အလားတူ အဆိုပါနေ့တွင်ပင် KNO အဖွဲ့သည် Arakan Army (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ Shan State Progress Party (SSPP) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဆေထျဲန်၊ Ta’ang National Liberation Army (TNLA) ခေါင်းဆောင် ဗိုလ်ချုပ်တာအိုက်ဘုန်းနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့လည်း တရားဝင် စာပို့အကြောင်းကြားခဲ့သည်။
KNO မှ KIO ထံသို့ ပေးပို့သောစာတွင် အချက် (၈) ချက်ပါရှိပြီး အဓိကအားဖြင့် စစ်ရေးအထူးလှုပ်ရှားရေးတပ်မဟာ (၁၀၈) ကို ဖွဲ့စည်းရခြင်း၏ အကြောင်းရင်းကို (၄) ချက်‌မြောက်တွင် ရေးသားထားသည်ကို တွေ့မြင်ရပါသည်။
အဆိုပါအချက်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် KNO နှင့် KIO တို့ကြား သဘောတူညီချက်များကို KIO ဖက်မှ လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်းနှင့် KNO အဖွဲ့အား အသိအမှတ်ပြုမှု အားနည်းခဲ့ကြောင်း ထောက်ပြဝေဖန်ထားသည်။
စာရေးသူ၏ လေ့လာထားရှိသည်အချက်အလက်အရ ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် KNO ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် United Kachinland Army (UKA) အဖွဲ့အား ဖျက်သိမ်းပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်အားလည်း KIA တွင် အမှုထမ်းစေခဲ့သည်ကို တွေ့ရသည်။
အဆိုပါသဘောတူညီချက်ကို ထိုအချိန်က KIO ခေါင်းဆောင်ဖြစ်သူ ဦးလညော်ဇောင်းဟရာနှင့် KNO ခေါင်းဆောင် ဒူဝါဟိုဝါးဂျာလတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူညီချက်တွင် KIO နှင့် KNO တို့၏ နိုင်ငံရေးပန်းတိုင် တူညီသည့်အတွက် အပြန်အလှန်တိုင်ပင်ပြီး သဘောတူညီမှုရယူကာ အတူတကွလက်တွဲဆောင်ရွက်ကြရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ကို သိရှိပါသည်။
KNO မှ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည် စစ်ရေးအထူးလှုပ်ရှားရေးတပ်မဟာ (၁၀၈) အား ယခင် UKA တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးကြီး ဇေဇောင်းအား ကွပ်ကဲအုပ်ချုပ်ရန် တာဝန်ပေးထားသည်ကိုလည်း သိရှိရပါသည်။
နားလည်မှုလွှဲမှားခြင်းလော
KNO မှ ၎င်းတို့၏ စစ်ရေးအထူးလှုပ်ရှားရေးတပ်မဟာ (၁၀၈)အား ဖွဲ့စည်းခဲ့ခြင်း၏ အဓိကအကြောင်းအရင်းကို လေ့လာသုံးသပ်ကြည့်ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကြောင့်ဆိုလျင် မှားမည်မထင်။
စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုက စစ်ဏာရှင်အား တုန်းလှန်လာခဲ့ကြသည်။ အခြားတစ်ဖက်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ပြည်ထောင်စုလွှတ်တော်ကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ကို ဖွဲ့စည်းကာ အခြားနိုင်ငံရေးအစုအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေး‌နွေးလာခဲ့ကြသည်။
KIO မှလည်း ပြည်တွင်းပြည်ပရှိ ကချင်အဖွဲ့အစည်းအချို့နှင့်တိုင်ပင်ကာ လိုင်ဇာမြို့တွင် အစည်းအ‌ဝေးတစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၉ – ၁၁ ရက်နေ့ကျင်းပပြုလုပ်ခဲ့ပြီး Kachin Political Interim Coordination Team (KPICT) ကို ဖွဲ့စည်းခဲ့သည်။
CRPH က KPICT ကို တရားဝင်အတည်အမှတ်ပြုခဲ့သည်သာမက မေလ (၂၇) ရက်နေ့တွင် နှစ်ဘက်သဘောတူညီစာချုပ် (Bilateral Agreement) ချုပ်ဆိုခဲ့သည်။
အဆိုပါ KPICT နှင့် CRPH ကြားချုပ်ဆိုခဲ့သည့် နှစ်ဖက်သဘောတူညီစာချုပ်နှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် KNO မှ သဘောထားထုတ်ပြန်ချက်စာ တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်စာတွင် KNO မှ KPICT နှင့် CRPH တို့၏ နှစ်ဖက်သဘောတူညီစာချုပ်အား ပြင်းထန်စွာ ဝေဖန်ထားပြီး ကချင်‌ဒေသတွင် အစိုးရဖွဲ့စည်းရေးနှင့်စပ်လျဉ်းပြီး ဝေဖန်ထောက်ပြထားသည်။
စာရေးသူအနေဖြင့်သုံးသပ်သည်မှာ KNO အဖွဲ့က KPICT နှင့် CRPH တို့ကြား ချုပ်ဆိုခဲ့သည့် နှစ်ဘက်သဘောတူစာချုပ်၏ အ‌သေးစိတ်အချက်အလက်ကို သိရှိခွင့်မရဘဲ CRPH ၏ ထုတ်ပြန်ချက်ကိုသာ မှီငြိမ်းကာ ပြစ်တင်ဝေဖန်ထားခြင်းဖြစ်မည်ဟု သုံးသပ်မိပါသည်။
ထို့အပြင် KPICT တွင် KNO အား တရားဝင်ဖိတ်ကြားထားမခံရမှုနှင့် CRPH/NUG တို့နှင့် တွေ့ဆုံဆွေးနွေးမှုများတွင် KNO အား တစ်စုံတစ်ရာ ဖိတ်ကြားမှုမရှိခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ သီးခြားလက်နက်ကိုင်အဖွဲ့ကို တည်ထောင်လာခြင်းသို့ ဦးတည်လာခဲ့သည်ဟု လေ့လာသုံးသပ်မိပါသည်။
KNO အဖွဲ့မှ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ၎င်းတို့၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ရာ ၎င်းတို့အဖွဲ့သည် CRPH/NUG၊ Generation Z တို့၏ တော်လှန်ရေးကို KNO အဖွဲ့မှ ထောက်ခံကြောင်း၊ ၎င်းတို့၏ စစ်ရေးအထူးလှုပ်ရှားရေးတပ်မဟာ (၁၀၈) သည်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်လက်တွဲကာ စစ်အာဏာရှင်ကို တွန်းလှန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့မြင်ရပါသည်။
KNO သည် မကြာမှီအချိန်အတွင်း Kachinland Army (KA) အမည်ဖြင့် ကချင်ပြည်နယ်တွင် တပ်ဖွဲ့ဝင်များတိုးချဲ့ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာမည်ဖြစ်ကြောင်း KNO အဖွဲ့ဝင်အချို့ထံမှ ကြားသိရသည်။
တွေ့ဆုံဆွေးနွေးခြင်းသာ စစ်မှန်သောအဖြေ
KIO နှင့် KNO တို့နှစ်ဖွဲ့လုံးသည် ကချင်တစ်မျိုးသားလုံးများအတွက်သာမက အခြားသောဖိနှိပ်ခံတိုင်းရင်းသားပြည်သူလူထုများအတွက်ပါ စစ်အာဏာရှင်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသော အဖွဲ့ဖြစ်သည်မှာ အားလုံးသိရှိနားထည်ထားပြီး ဖြစ်ပါသည်။
ယခုအချိန်အခါသည် စစ်အာဏာရှင်အား ဝိုင်းဝန်းတွန်းလှန်တိုက်ခိုက်နေသည့် အချိန်အခါဖြစ်သောကြောင့် ကချင်အဖွဲ့အချင်းချင်းအကြား နားလည်မှုလွှဲမှားစေသည့် အပြုအမူများ၊ လုပ်ရပ်များကို ရှောင်ရှားရမည်ဖြစ်ပါသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တွင် RCSS နှင့် SSPP ကြား အချင်းချင်းသွေးထွက်သံယိုစေသည့် တိုက်ခိုက်နေမှုသည် ရှမ်းအဖွဲ့ ၂ ဖွဲ့ ကြား နားလည်မှုလွှဲမှားမှု၏ အကျိုးဆက်အဖြစ် အားလုံးမြင်တွေ့နေရပါသည်။
ထို့ကြောင့် KIO နှင့် KNO အကြား လတ်တလော နားလည်မှုလွှဲမှားနေသည့် ပြဿနာကို အပြန်အလှန်တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရန် လိုအပ်ပါသည်။
၎င်းတို့အဖွဲ့ကြား လွန်ခဲ့သော နှစ်ကာလများတွင် အပြန်အလှန်တွေ့ဆုံဆွေးနွေးသကဲ့သို့ ယခုအခါတွင်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား နားလည်မှုလွှဲမှားနေသော ကိစ္စများကို အပြန်အလှန်တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရန် လိုအပ်ပါသည်။
ထိုထက်မက နှစ်ဖက်ခေါင်းဆောင် ၂ ဦး – ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဒူဝါဘောမ်ဝမ်လရော်တို့အနေဖြင့် ပုဂ္ဂိုလ်‌ရေးအရ ခင်မင်ရင်းနှီးမှုရှိသည်ကိုလည်း အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုအတွက် အသုံးချရန် လိုအပ်ပါသည်။
ယခုအချိန်အခါတွင် စစ်အာဏာရှင်အား တစ်မျိုးသားလုံးမှ တစ်စုတစည်းတည်း တွန်းလှန်တိုက်ခိုက်နေသည့်အချိန်ကာလဖြစ်သည့်အတွက် ကချင်လက်နက်ကိုင်အဖွဲ့အစည်းသစ် တည်ထောင်လာသည်ကို ကချင်လူထုက လက်ခံမည် မဟုတ်ပေ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လူထုအတိုင်ပင်ခံများမှလည်း KNO မှ လက်နက်ကိုင်တပ်ဖွဲ့အသစ်ဖွဲ့စည်းခြင်းကို လုံးဝလက်မခံကြောင်း ဇွန်လ (၁၂) ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်ကို တွေ့မြင်ပါသည်။
ထို့ကြောင့် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေး‌‌နွေးအဖြေရှာရန်လိုအပ်ပြီး အချိန်မှီ အဖြေမရှာနိုင်ပါက နောက်နောင်တွင် ကချင်လူမျိုးအချင်းချင်းကြား သွေးထွက်သံယိုစေသည့် ရလဒ်ဖြင့်သာ အဆုံးသတ်သွားနိုင်ကြောင်း ‌ရေးသားတင်ပြလိုက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်
ဆင်ရမ်သည် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး ဆောင်းပါးသည် သူ၏အမြင်သဘောထားဖြစ်ကာ The 74 Media ၏ ရပ်တည်ချက်သဘောထားကို ထင်ဟပ်မှုမရှိပါ။
– KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ (ဘယ်) နှင့် KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် (ညာ) တို့ကို တွေ့ရစဉ်
Photo Credit to rightful owners
သင့်ထင်မြင်ချက်ရေးပေးပါ