မိုးကောင်းမြို့နယ် မန်ရွက်​ကျေးရွာ၏ NLD ဥက္ကဌ ဖမ်းဆီးခံရ

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသည့် မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၏ NLD ရပ်ကျေး ဥက္ကဌဖြစ်သူ ဦးကျော်အုန်းသည် ဖမ်းဆီးခံရပြီး ၇ရက်​​နေ့​မြောက်အထိ မိသားစုများနှင့် တွေ့ခွင့်မရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

မန်ရွက်ကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင် ရပ်ကျေး ဥက္ကဌဖြစ်သူ အသက် ၆၈နှစ်အရွယ် ဦးကျော်အုန်းကို ဇွန်လ ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် သူ၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီး ၇ ရက်မြောက်နေ့ထိ ဦးကျော်အုန်းကို မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။
“သူက ကျန်းမာရေးရော မကောင်းဘူး၊ သွေးတိုးရောရှိတယ်၊ အသက်လည်း ကြီးပြီဆိုတော့ စိတ်ပူတယ်၊ အဝတ်အစားတွေလည်း ဘာမှပါမသွားဘူး၊ သူဖမ်းခံရတဲ့နေ့က ၇၄ ဗျူဟာ ကိုခေါ်မယ်လို့တော့ ပြောသွားတာ သူတို့က ဖမ်းတာလား လို့မေးတော့လည်း မဖမ်းဘူးလို့ ပြောတယ်၊ ခုထိ နေကောင်းလား မကောင်းလား ဆိုတာလဲ မသိရဘူး၊ မိသားစုတွေနဲ့မတွေ့ရသေးဘူး၊ ညတိုင်းဆုတောင်းရုံမှတစ်ပါး ဘာမှ မတတ်နိုင်ဘူး”ဟု သူက ပြောသည်။
ဦးကျော်အုန်း ဖမ်းဆီးခံရသည့်နေ့တွင် မိုး​ကောင်းမြို့နယ်အတွင်းရှိ ကညင်မြိုင်ကျေးရွာနှင့် တောင်နီကျေးရွာက NLD အဖွဲ့ဝင် အမျိုးသား နှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သူက ဆက်ပြောသည်။
“ဦးကျော်အုန်း အပါ အဲ့နေ့က နောက်ထပ် နှစ်ဦး ကိုပါ ဖမ်းတယ်၊ ကညင်မြိုင်ကျေးရွာနဲ့တောင်နီက NLDအဖွဲ့ဝင်တွေကို ဖမ်းတာ၊ ဦးကျော်အုန်းက နောက်ဆုံးမှ ဖမ်းခံရတာ၊ မပခ ထဲရောက်သွားပြီလို့လည်း ကြားတယ်၊ ဦးကျော်အုန်းတို့ ၃ ယောက်လုံး ခု စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့လည်း ကြားတယ်” ဟု သူက ဆက်ပြောသည်။
မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် မကြာခဏ ပစ်ဖောက်မှုများပြုလုပ်​နေသည့်အပြင် သတင်းပေးမှုများကြောင့် နေအိမ်တွင် လာရောက်ဖမ်းဆီးမှုများကို မကြာခဏ ပြုလုပ်လျက်ရှိသည်။

မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသူများမှာ ၁၆ ဦးခန့်ရှိပြီ ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ