မိုးကောင်းမြို့နယ် မန်ရွက်​ကျေးရွာ၏ NLD ဥက္ကဌ ဖမ်းဆီးခံရ

မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၏ NLD ရပ်ကျေး ဥက္ကဌဖြစ်သူ ဦးကျော်အုန်းအား ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်၀တ်များက ​နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

အသက် ၆၈နှစ်အရွယ် ဦးကျော်အုန်းကို အရပ်ဝတ်နှင့် ၁၀ ဦးခန့်က ဆိုင်ကယ် သုံးစီး၊ အိမ်စီးကားများဖြင့် လာရောက်ဖမ်းခေါ်သွားကြောင်း မိသားစုဝင် တစ်ဦးက The 74 Media ကို ပြောသည်။
“လူတစ်စုက အိမ်ကိုလာရောက်ခဲ့ကြတယ် ဖမ်းတာ မဟုတ်ဘူးပေါ့၊ ဖမ်းရင် ရဲ ခေါ်လာမယ်ပေါ့။ ရဲဝတ်စုံ စစ်သားဝတ်စုံတွေနဲ့ လာခဲ့ကြတာမဟုတ်ဘူး။ ဒါပေမဲ့သူတို့လက်ထဲမှာ လက်နက်ပါတယ်၊ လက်ထိပ်တွေပါတော့ ဘာလုပ်မလို့လည်း ဘာကြောင့်ဖမ်းတာလဲလို့မေးတာ။ ဘာမှမဖြေဘူး”ဟု ပြောသည်။
လက်ရှိအချိန်တွင် ဦးကျော်အုန်းကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်းနှင့် ကျန်းမာရေး အခြေအနေမကောင်းသဖြင့် စိုးရိမ်ကြောင်း သူက ဆက်ပြောသည်။
“ဘယ်နေရာမှာရှိလည်းမသိလို့ စိတ်ပူရတယ်၊ မိသားစုနဲ့ အဆက်အသွယ် ပြန်မလုပ်ပေးကြဘူး၊ ၊ သူက မိုးကောင်းမှာဆို နာမည်ပျက်မရှိဘူး ၊ ကျန်းမာရေးအခြေအနေက သူက နားနဲနဲထိုင်းတယ် သွေးတိုးလည်းရှိတယ်” ဟု သူက ပြောသည်။
ဦးကျော်​အုန်းနေထိုင်ရာ လက်ရှိ ​နေအိမ်သည် ရပ်ကျေး NLD ရုံးစိုက်ထားရာနေရာဖြစ်ပြီး ဥက္ကဌတာဝန်ယူထားသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်​ကြောင်း သိရသည်။

မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် မကြာခဏ ပစ်ဖောက်မှုများပြုလုပ်သည့်အပြင် သတင်း​ပေးများ​ကြောင့် ပြည်သူများ ဖမ်းဆီးခံရမှုများရှိ​နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ