ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ယနေ့နံနက် ခြောက်နာရီခန့်မှစ၍ စ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဒေါငံခါးရပ်ကွက်ရှိဘုရားကျောင်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့ကြောင်း သိရသည်။
ဒေါငံခါးရပ်ကွက်ရှိ ငြိမ်းချမ်းခြင်းသခင်မ ကက်သလစ်ဘုရားကျောင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ယခုလို ပြောသည်။
“ဘုရားကျောင်းက ဘေးနံရံတွေထိတယ်။ တံခါးမှန်ဘောင်တွေထိတယ် ကွဲတယ်။ တံခါးကြီးတွေရော အမိုးတွေရော ရစရာမရှိတော့ဘူး”ဟု ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဆိုပါ ဘုရားကျောင်းအပြင် ဒေါငံခါးရပ်ကွက်ရှိ လူနေအိမ်အချို့မီးလောင်ပျက်စီးခဲ့သည်ဟု သူက ဆက်ပြောသည်။
“အိမ်တချို့က လက်နက်ကြီးထိပြီး မီးလောင်ပြိုကျတယ်။ တချို့အိမ်တွေက လက်နက်ကြီးထိပေမယ့် မလောင်ဘူး။ ဒါပေမယ့်ပြိုကွဲပျက်စီးကုန်တယ်။ မီးကြိုးတွေလဲပျက်ကြတယ်။ လမ်းမကြီးအလယ်မှာလည်း လက်နက်ကြီးကျပြီး ကွဲတာတွေရှိတယ်။ အိမ်အများစုက သေနတ်ကျည်ဆံတွေမှန်ပြီး အပေါက်တွေကြီးပဲ” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ အပြန်အလှန်တိုက်ပွဲပြင်းထန်လျက်ရှိပြီး နှစ်ဖက်ထိခိုက်မှုလည်းရှိနေကြာင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။
“လွိုင်ကော်ကနေ ဒေါငံခါးကိုလက်နက်ကြီးနဲ့ထုလာလို့ ဘုရားကျောင်းကိုထိမှန်သွားတာ။ အခုလည်း စစ်ခွေးတွေက အိမ်တွေကို လိုက်မီးရှို့နေတယ်။ ကျွန်တော်တို့ဘက်ကတော့ လက်နက်ကြီးစမှန်ထားတဲ့သူတွေ ရှိတယ်ဗျ။ စစ်ခွေးဘက်ကတော့ ကျတာတော့ရှိတယ်၊ တိုက်ပွဲမပြီးသေးတော့ အတိအကျပြောလို့မရသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကယားပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်း ၄ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ဒီးမော့ဆိုဒေသနှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသတို့တွင် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးများရှိနေသည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ