မြေမြင့်ရပ်ကွက်ရုံးမီးလောင်စဉ် ဒဏ်ရာရသူ သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်စဉ်က ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရုံးစောင့် အမျိုးသား ယနေ့ ဇွန်လ ၃ရက်နေ့ နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်းသိရသည်။

အသက် ၃၇ နှစ်အရွယ် ကိုသူရိန်မိုး (ခ) ကိုမိုးသူသည် မြေမြင့်ရပ်ကွက်ရုံးမီးလောင်စဉ် ခြေထောက်နှင့် နောက်ကျောတွင် မီးလောင်ဒဏ်ရာရရှိခဲ့ပြီး တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ပထမတော့ မီးလောင်အနာကို ခြစ်ပြီး ဆေးထည့်တာ၊ နောက်ရက်တော့ အခြေအနေဆိုးလာတော့ ခွဲစိပ်ပြီး ကုရတယ်၊ နောက်ပိုင်း အနာမှာ ပိုးဝင်ပြီး အရမ်းဆိုးလာလို့ ဆုံးသွားတာ” ဟု သူကပြောသည်။
ကိုမိုးသူသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ရုံးစောင့်မရှိသဖြင့် ရုံးကူစောင့်ပေးသူဖြစ်သည်။
ကွယ်လွန်သူ သူရိန်မိုး(ခ)ကိုမိုးသူကို ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁ နာရီတွင် သဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သူကဆက်ပြောသည်။

မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် မေလ ၂၄ ရက်နေ့ ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အဦးအပြင် မီးသတ်ကားတစ်စီးလည်း ပျက်စီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ