ဖားကန့်ကျောက်ဝိုင်းအနီးရှိ နေအိမ်အချို့ကို စစ်ကောင်စီဝင်ရောက် စစ်ဆေး

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ကျောက်ဝိုင်းအနီး ရပ်ကွက် (၂)ရှိ နေအိမ်များတွင် ယနေ့ ဇွန်လ ၃ ရက်နေ့ မွန်းလွှဲ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားတစ်စီး၊ ရဲကားနှစ်စီး၊ စစ်ကားသုံးစီးဖြင့် ရောက်ရှိလာပြီး ဆိုင်းတောင်ကျောက်ဝိုင်းအနီးရှိ နေအိမ်အချို့တွင် ဝင်ရောက်ရှာဖွေမှုပြုလုပ်ကာ အသံချဲ့စက် (sound box) တစ်လုံးသိမ်းဆည်းသွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကို ပြောသည်။
“ကျောက်ဝိုင်း နွားနို့ဆိုင်ဘေး အရောင်တင်ခုံ ကပ်ရပ်ထဲ ဝင်ဆွဲနေတာ၊ ရုတ်တရက်ကြီး ရဲတွေ ဝင်စစ်တာ စစ်သားကောပါတယ်၊ သေနတ်နဲ့လှမ်းမြင်လိုက်လို့ ပြေးခဲ့တာ၊ သူတို့ လာရှာတဲ့သူကို မတွေ့လို့နေမှာ၊ သူတို့ ဝင်စစ်တဲ့ အိမ်ကအသံချဲ့စက်ယူသွားတယ်” ဟုသူကပြောသည်။
ဖားကန့်မြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်း ၊ဆိုင်ကယ်နှင့် ကားတစ်ချို့ကို ရပ်နားခိုင်းပြီး စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့် မြို့နယ်တစ်ခုဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲမကြာခဏဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်သည်။

– ဖေဖော်ဝါရီလက ဟိုပင်မြို့တွင် ရိုက်ကူးထားသော ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ