ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တစ်ဦး စနိုက်ဘာကြောင့် ကျဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စံပြ ၆ မိုင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း PDFမှ လူငယ်တစ်ဦး စနိုက်ဘာကြောင့် ကျဆုံးသွားသည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“PDF တစ်ယောက်ထိသွားတာက စနိုက်ဘာသမားကြောင့်ဟုတ်တယ်။ မအလစစ်သူပုန်တွေက လက်နက်ကြီးတွေနဲ့လည်း ခြောက်ခါလောက်ထုတာ။ အမြှောက်လည်းပါတယ်။ အင်အားလည်း မမျှဘူး”ဟု ပြောသည်။
အဆိုပါ PDF လူငယ်ကို ပစ်ခတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သော စနိုက်ဘာသေနတ်သမားသည် ဘုရားကျောင်းပေါ်တက်၍ နေရာယူထားပြီး ပစ်ခတ်နေခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
တိုက်ပွဲသည် ယနေ့မနက် ရှစ်နာရီမှစတင်ဖြစ်ပွားပြီး ၁၁ နာရီဝန်းကျင်တွင် ပြန်လည်ငြိမ်သက်သွားပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိသူမည်မျှရှိကြောင်း မသိရှိရသေးပေ။

ကယားပြည်နယ်တွင် အာဏာရှင်ကိုဆန့်ကျင်သည့် သပိတ်ဖြို့ခွဲခံရချိန်တွင် တစ်ဦးသေဆုံးခဲ့သည်မှစ၍ တိုက်ပွဲအတွင်း သေဆုံးသူများအပါအဝင် ယနေ့အထိ PDF နှင့်ပြည်သူတို့ ကျဆုံးသူ စုစုပေါင်း ၃၀ ဦးကျော်ရှိပြီဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ