COVID-19 Update

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မေတ္တာရှင် အခမဲ့ဆေးခန်းတွင် လာရောက်ကုသနေသည့် အမျိုးသားလူနာတစ်ဦးတွင် ကိုဗစ်လက္ခဏာနှင့် ဆင်တူသည့် လက္ခဏာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် အသက် ၄၉ နှစ်အရွယ်ဖြစ်ပြီး ရွာဟောင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကာ အအေးမိနှာစေး၍ ဆေးလာကုခြင်းဖြစ်ကြောင်း ဆေးခန်းနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဆေးခန်းက ပြောလို့သိရတယ်။ အသက်ရှုလို့လည်း မဝဘူးတဲ့ ဘာအနံ့မှလည်း မရဘူးတဲ့၊ အောက်စီဂျင်လည်း ပေးနေရတယ်၊ ဆေးခန်းမှာက ကိုဗစ်စစ်တာမျိုးတော့မရှိဘူး။ ဒါပေမဲ့ ကိုဗစ်နဲ့အားလုံးဆင်တူနေတယ်၊ ခရီးသွားရာဇဝင်က မရှိဘူး၊ ဆေးခန်းထဲကလူတွေကတော့ အပြင်မထွက်ဘူး။ ရုံးကို ဆေးဖြန်းဖို့ လုပ်မလို့တဲ့ မနက်ဖြန်မှ ဖြန်းမလို့။ ဆရာဆရာမတွေကလည်း အပြင်သွားလို့ မရတော့ဘူး။ လောခ့်ဒေါင်းပုံစံမျိုး ဒီဆေးခန်းမှာပဲ ညအိပ်ကြရတော့မှာ” ဟု သူက ပြောသည်။
လက်ရှိချိန်တွင် လူနာအမျိုးသားကို သူ၏ နေအိမ်တွင် ဟွမ်းကွာရန်တင်းပုံစံဖြင့် နေထိုင်ရန် စီစဉ်ထားကြောင်း သူက ဆက်ပြောသည်။
“ဖားကန့်ဆေးရုံကြီးကလည်း စီဒီအမ်ဝင်ထားတော့ လူနာကတော့ ကိုဗစ်စည်းကမ်းအတိုင်းနေဖို့ပြောထားတယ်။ သူ့အိမ်သူနေနေရတာပေါ့။ တကယ်လို့ အသက်ရှူကြပ်ခဲ့ရင်ဆိုပြီး အောက်ဆီဂျင်တွေလည်း ပေးလိုက်တယ်။ ဆေးဝါးတွေလည်း ပေးလိုက်တယ်” ဟု သူက ပြောသည်။
စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့တွင် လူနာ ၂ ဦး၊ ဖားကန့်တွင် ၂ ဦး စုစုပေါင်း ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်တွင် Non-CDM ကျောင်းဆရာမတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသောကြောင့် ၎င်းနှင့်ထိတွေ့သောကျောင်းများကို ယနေ့ ဇွန်လ ၂၁ ရက်နေ့မှစ၍ ယာယီပိတ်ထား​ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ