မင်းတပ်မြို့

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၁၇ ရက်နေ့မှ စတင်ပြီး ရေဖြတ်တောက်ထားသောကြောင့် ပိတ်မိပြည်သူများနှင့် ထွက်ပြေးတိမ်းရှောင်နေသောပြည်သူများ အခက်တွေ့နေသည်ဟု သိရသည်။

ရေဖြတ်တောက်ခံထားရသော မင်းတပ်မြို့အတွင်း ရေရရှိနိုင်သော နေရာများရှိသော်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့် အပြင်မထွက်ရဲဘဲ ရေအခက်အခဲဖြစ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရေတကယ်ဖြတ်မဖြတ်သိရဖို့ မြို့ထဲမှာ ပိတ်မိနေသူတချို့ကိုမေးကြည့်တော့ ရေမလာတော့ဘူးပြောကြတယ်။ တချို့က စစ်တပ်က ဖြတ်တယ်လို့လည်း ပြောတယ်။ အခု သူတို့နေအိမ်မှာ စုထားတဲ့ ရေတွေကုန်သွားရင်တော့ ဒုက္ခရောက်နိုင်တယ်။ မြို့ထဲမှာလည်း ရေရနိုင်တဲ့နေရာတွေရှိပါတယ်။ ပြဿနာကအပြင်မထွက်ရဲကြဘူး။ မလုံခြုံတော့လေ။ အနီးနားကရေတောင် ခပ်ဖို့ကလည်း ကြောက်ရမယ့်အနေအထားဖြစ်နေတယ်”ဟုသူကပြောသည်။

မင်းတပ်မြို့မှ သောက်သုံးရေများကို မြို့နှင့်ဆယ်မိုင်ခန့် ကွာဝေးသည့် နေရာမှ စမ်းရေများစု၍ စည်ပင်မှ ရေပိုက်ဖြင့် မြို့ပေါ်သို့ ရေပေးဝေထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ