ဖားကန့်တွင် မြေစာပုံပြိုကျစဉ် ပျောက်ဆုံးနေသူများကို သုံးရက်မြောက်နေ့ထိ မတွေ့သေး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်တွင် မေလ ၁၅ ရက်နေ့၊ ည ၈ နာရီခန့်က မြေစာပုံပြိုကျခဲ့သည့် ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူများကို ယနေ့ မေလ ၁၈ရက်နေ့ထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေသော်လည်း မတွေ့သေးကြောင်း သိရသည်။

ဖားကန့်တွင် မြေစာပုံပြိုကျစဉ် ပျောက်ဆုံးနေသူများကို သုံးရက်မြောက်နေ့ထိ မတွေ့သေး

 

ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန် မေလ ၁၆ ရက်နံနက်မှစ၍ ဖားကန့်မြို့ရှိ လူမှုကူညီ ကယ်ဆယ်ရေး အသင်းအဖွဲ့တစ်ချို့ စုပေါင်းရှာနေခြင်းဖြစ်ပြီး ယနေ့ မေ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ အချိန်အထိ ပျောက်ဆုံးနေသူများကို မတွေ့ရှိရသေးကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။
“ခုက လက်လုပ်ကျင်းပြိုတာဆိုတော့ အဲ့ဘက်သွားဖို့ ရေအဝေးကြီး ဖြတ်သွားရသေးတယ် ဘက်ဖိုးတွေလည်း သွားလို့မရဘူး၊ လက်နဲ့ပဲ ရှာရတာ အပေါ်ကထပ်ပြိုတာရယ် ကျင်းကမြေစာများတော့ ရှာဖို့အခက်အခဲများတယ် ခုထိမတွေ့သေးဘူး” ဟုသူကပြောသည်။
မြေပြိုမှုတွင် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသော်လည်း အခက်အခဲများ ရှိနေကြောင့် အချို့သော လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေမှု ရပ်နားတော့မည်ဟုသိရသည်။
မြေစာပုံပြိုကျစဉ်ဒဏ်ရာရရှိခဲ့သူ ခုနှစ်ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့် လူနာ တစ်ဦးကို မြစ်ကြီးနား စစ်ဆေးရုံသို့ လွဲပြောင်း ကုသပေးနေကြောင်းသိရသည်။

မေလ ၁၅ နေ့က မြေစာပုံပြိုကျသည့် နေရာသည် ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်တွင် လက်ကျင်းတူးသူများက ကျောက်စိမ်းတူးဖော်နေစဉ် မြေစာပုံပြိုကျခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ