ရွှေကူမြို့တွင် စစ်ကားကို ဓာတ်ပုံရိုက်သည်ဟု စွပ်စွဲခံရသည့် ပြည်သူနှစ်ဦး ပြန်လွတ်ပြီ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယနေ့မနက် ဆယ်နာရီဝန်းကျင်ခန့်က စစ်ကားများဖြတ်သွားစဉ် ဓာတ်ပုံရိုက်သည်ဟုစွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်သွားသူနှစ်ဦး ယနေ့မွန်းလွဲ တစ်နာရီခွဲဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ပင်လုံသင်္ဘောပေါ်မှ ရိက္ခာနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူနေစဉ် ဓာတ်ပုံရိုက်သည်ဟု စွပ်စွဲပြီး ဖမ်းခံရခြင်းဖြစ်ပြီး စစ်ကောင်စီက ရိုက်နှက်မှုဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့နှစ်ယောက်က အအေးဆိုင်မှာ နို့ချဉ်သောက်နေတာ။ စစ်ကားဖြတ်သွားတာကို ဖုန်းနဲ့ရိုက်ပါတယ်ဆိုပြီး စစ်တပ်ကဖမ်းသွားတာ။ ကောင်မလေးကို လက်သီးနဲ့ထိုးတာကို ကောင်လေးကမထိုးပါနဲ့ပြောတော့ သူ့ကိုလည်း ထိုးတာတွေ့လိုက်တယ်။ ခုနကပဲပြန်လွတ်လာကြပြီ”ဟု ပြောသည်။
ဖမ်းဆီးခံရသူအမျိုးသားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှစ်ချက်၊ မိန်းကလေးကို လေးချက်ထိုးကြိတ်ခဲ့သဖြင့် အမျိုးသမီး၏ နားဆွဲပျက်စီးသွားသည်ဟု သူကဆက်ပြောသည်။

ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ဖုန်းစစ်ကြည့်ရာတွင် ဓာတ်ပုံရိုက်ကူးထားသည့် သက်သေမှတ်တမ်းများ မတွေ့ရှိရသဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ