မြစ်ကြီးနားတွင် လူငယ်တစ်ဦးကို ခေါင်းတွင်သေနတ်ထောက် ဖမ်းဆီး

မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်က လူငယ်တစ်ဦးကို ခေါင်းတွင် သေနတ်ဖြင့်တေ့ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဟု သိရသည်။

ခေါင်းတွင်သေနတ်ထောက်ဖမ်းဆီးခံရသူသည် အသက် ၁၇ နှစ်အရွယ် မောင်ကျော်လင်းထူးဆိုသူဖြစ်ပြီး အိမ်စီးကားတစ်စီးဖြင့် လူလေးဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း မျက်မြင်တွေ့သူတစ်ဦးက The 74 media ကိုပြောသည်။
“မနက်က သပိတ်လူစုနေတဲ့အချိန် မသင်္ကာတဲ့ကားတွေ့လို့ ကားမှန်သွားချခိုင်းတော့ ခေါင်းမှာ သေနတ်တေ့ပြီး ဖမ်းသွားတာ၊ နေ့လည်ကျတော့ သူ့အိမ်ကို မွှေနှောက်ရှာဖွေသွားတယ်၊ သူက ကားပေါ်ကတော့ မဆင်းဘူး အဝေးကတွေ့လိုက်တာတော့ မျက်နှာလဲ ရောင်ကိုင်းနေတယ်” ဟုသူကပြောသည်။
ဖမ်းဆီးခံရသူမောင်ကျော်လင်းထူးကို တွေ့ခွင့်ရရန် အမှတ် ၁ ရဲစခန်းတွင် သွားရောက်စုံစမ်းသော်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသွားရန် ညွှန်းဆိုခဲ့ပြီး မြောက်ပိုင်းတိုင်းတွင်လည်း မရှိဟုပြောကြာင်း သူက ဆက်ပြောသည်။
ရွှေစက်ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီခန့်ကလည်း ဆန္ဒပြရာတွင်ပါဝင်သည်ဟု ဆိုကာ လူငယ်လေးဦးအားလည်း ဖမ်းဆီးသွားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ