မိုးကောင်းမြို့ မြို့တော်ခန်းမရှေ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၉ ရက်ည (၈:၃၀) နာရီခန့်တွင် ဆိုင်ကယ်စီးပြည်သူများကို ပစ်ခတ်ခြင်းနှင့် စစ်ဆေးရိုက်နှက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မိုးကောင်းမြို့ မြို့တော်ခန်းမရှေ့

မိုးကောင်းမြို့ ည ၈ နာရီခွဲခန့်တွင် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာဆိုင်ကယ်သမားကို အကြောင်းမဲ့ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ပစ်ခတ်တာက မြို့တော်ခန်းမဘေးကနေစပြီး ည ၈ နာရီခွဲလောက်က စပစ်တာ ၃ ချက်လောက် ကြားရတယ်။ အဲ့ကနေဆက်ပြီးမှ သူတို့ အထက(၂) ကျောင်းနားလေးမှာလည်း ဆိုင်ကယ်သမားကို လှမ်းပစ်တာ မှန်တော့ မမှန်လိုက်ဘူးပေါ့။ ဆက်တိုက်ပစ်လာတာ ပြည်ထောင်စုလမ်းမကြီးမှာရှိတဲ့ ကျွန်းတောတံတား ရောက်တဲ့အထိကို ပစ်နေတာ”ဟု ပြောသည်။

ထို့အပြင် ဆိုင်ကယ်မောင်းလာသူများကို အကြောင်းမဲ့စစ်ဆေးရိုက်နှက်မှုများရှိသည်ဟု သူက ဆက်ပြောသည်။

“ကျွန်းတောတံတား အကျော်မှာ ဆိုင်ကယ်သမား၂ ယောက်ကိုခေါ်ပြီး စစ်ဆေးမေးမြန်းပြီး ရိုက်နှက်တာတွေတော့ရှိတယ်။ ဆိုင်ကယ်သမားတစ်ယောက်က တော်တော်လေးတော့ နာသွားလောက်တယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းတမ်းပစ်ခတ်သံများကို ယမန်နေ့ညက ည ၁၁နာရီခန့်အထိ ကြားနေရသော်လည်း ပြည်သူများထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သူက ပြောသည်။

မိုးကောင်းမြို့မြို့တော်ခန်းမတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်မှာ (၄)ရက်ခန့် ရှိပြီဖြစ်ပြီး ညစဉ် တစ်ဖက်တည်းမှ ပစ်ခတ်နေသော သေနတ်သံများ၊ ပေါက်ကွဲသံများကြားနေရကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။

Photo – မိုးကောင်းမြို့ မြို့တော်ခန်းမရှေ့

သင့်ထင်မြင်ချက်ရေးပေးပါ