နောင်မွန်

ကချင်ပြည်နယ် နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူးက စစ်ကောင်စီကိုထောက်ခံရန် ဒေသခံများကို ဘုရားကျောင်းများတွင် လိုက်လံစည်းရုံးနေသည်ဟု သိရသည်။

နောင်မွန်

နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူးဦးနမ်ရဲမင်သည် မေလ ၉ ရက်နေ့တွင် နောင်မွန်မြို့ရှိ ခရစ်တော်၏အသင်းတော်ဘုရားကျောင်းတွင် ဒေသခံများကို စစ်ကောင်စီကို ထောက်ခံရန်၊ CDM တွင် မပါဝင်ရန်နှင့် CRPH နှင့် NUG ကို ထောက်ခံခြင်းမပြုရန် စည်းရုံးဟောပြောခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက ဘုရားကျောင်းကိုလာပြီး စစ်ကောင်စီက ကောင်းတယ်၊ ထောက်ခံသင့်တယ်။ CRPH နဲ့ NUG ကို မထောက်ခံသင့်ဘူးဆိုပြီး ဟောပြောနေတာ၊ CDM မှာမပါသင့်ဘူးဆိုပြီး ဝန်ထမ်းတွေကို ဖိအားလာပေးတာ” ဟု ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးသည် လာမည့်အပတ်များတွင်လည်း အခြားခရစ်ယာန်ဘုရားကျောင်းများတွင် လိုက်လံစည်းရုံးဟောပြောရန် ပြင်ဆင်နေသည်ဟု သူနှင့်နီးစပ်သူတစ်ဦးထံမှသိရသည်။

လူဦးရေ ၇၀၀၀ ကျော်ရှိသည့် နောင်မွန်မြို့သည် ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိမြို့နယ်တစ်ခုဖြစ်ပြီး ရဝမ်နှင့်လီဆူလူမျိုးစုများ အများဆုံးနေထိုင်သည်။

ပူတာအိုခရိုင်ရှိ အစိုးရဝန်ထမ်းအများအပြားသည် ဒေသခံများဖြစ်ကြပြီး CDM တွင်ပါဝင်သူအများအပြားရှိသည့် ခရိုင်တစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ