မြစ်ကြီးနားတွင် စစ်ကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲပြုလုပ်နေ
ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဌဖလား အသက် ၂၁ နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့တွင် မေလ ၃ရက်နေ့မှ စတင်ကျင်းပနေကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားသည်။

မြစ်ကြီးနားတွင် စစ်ကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲပြုလုပ်နေ

 

အဆိုပါ စစ်ကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲတွင် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်မှ အသက် ၂၁ အောက်လူငယ်များမှ ယှဉ်ပြိုင်နေကြပြီး မေလ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဟုသိရသည်။
ယခုလို စစ်ကောင်စီမှ ကျင်းပသော ပြိုင်ပွဲဖြစ်သောကြောင့် ပါဝင်ကစားခြင်းမရှိသော ဘောလုံးသမားအချို့ရှိကြောင်း ဝါရင့်ဘောလုံးကစားသမား တစ်ဦးက The 74 Media ကို ပြောသည်။
“နွေဦးတော်လှန်ရေးမှာပါတဲ့ ကစားသမားတွေကတော့ မကစားဘူးလို့သိရတယ်။ ကချင်ပြည်နယ်မှာက သက်တမ်းအလိုက်ကစားတဲ့ ကစားသမားတွေများတယ်လေ။ အသက်အရွယ်ကြောင့် တိုင်းနဲ့ပြည်နယ်ကစားချင်တဲ့ ကလေးတွေပါတယ်။ သနားဖို့ကောင်းတာက တစ်ချို့ကလေးတွေဆို ဘာခေါင်းစဉ်မှ မသိကြဘူး”ဟု ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသော ကစားသမားများသည် ယခုကျင်းပနေသော စစ်ကောင်စီဥက္ကဌဖလားပြိုင်ပွဲတွင် အများဆုံးပါဝင်နေကြောင်း မြစ်ကြီးနားမြို့မှ ဘောလုံးသမားများအကြား ပြောဆိုနေကြသော်လည်း The 74 Media က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
လာမည့် ဇူလိုင်လ(သို့မဟုတ်)ဩဂုတ်လတွင်ပြုလုပ်မည့် အသက် ၂၁ နှစ်အောက် အမျိုးသား တိုင်းနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲအတွက် ယခုကဲ့သို့ ဘောလုံးပြိုင်ပွဲပြုလုပ်ကာ ကချင်ပြည်နယ် အတွက် လူရွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ