စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပခုံးတွင် ကျည်ထိမှန်ခဲ့သူ

မတ်လ ၃၀ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၏ ရမ်ပူရပ်ကွက်တွင်း ပစ်ခတ်မှုကြောင့် ပခုံးတွင် ကျည်ထိမှန်ခဲ့သော အမျိုးသား၏ လက်မှာ အခြားတစ်ဖက်ကဲ့သို့ လှုပ်ရှားရန်မလွယ်ကူတော့ကြောင်း သိရသည်။

မတ်လ ၃၀ရက်နေ့တွင် ကျည် ပစ်ခတ်ခံရသော အသက် (၂၄) နှစ်အမျိုးသား၏ ဒဏ်ရာသည် သက်သာလာ သော်လည်း အလုပ်ပြန်လည်လုပ်ကိုင်ရန် ခက်ခဲတော့မည်ဖြစ်သည်ဟု သူက The 74 Media ကိုပြောသည်။
“အခုတော့ လက်တစ်ဖက်က မြောက်မရဘူး အလေးအပင်တွေ မ လို့ မရဘူး၊ အရိုးတွေတော့ မထိဘူး။ ဆရာဝန်က လက်တစ်ဖက်ကတော့ အခြားလက်တစ်ဖက်လောက်မြောက်လို့မလွယ်တော့ဘူးတဲ့ အလုပ်အကိုင်မေးတယ်၊ အလေးအပင်တွေ မ လို့ မရတော့ဘူးလို့ ပြောတယ်” ဟုပြောသည်။
နေ့စားအလုပ် လုပ်ကိုင်သူဖြစ်ပြီး ပစ်ခတ်ခံရချိန်တွင် ဆန္ဒပြပွဲတွင် ပါဝင်ခြင်းမရှိဘဲ ရပ်ကွက်အတွင်း လုံခြုံရေးတာဝန်ယူချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ကျည်ဆံထိမှန်ခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဆွေမျိုးတစ်ဦးကပြောသည်။
“ဆန္ဒပြပွဲမှာ မပါဘူး၊ အဘိုးအဘွားနဲ့ ကလေးတွေအတွက် လုံခြုံရေးယူပေးနေတဲ့အချိန် Honda Fit ကားက ဇွတ်ဝင်လာပြီး ဆက်တိုက်ပစ်နေတော့တာ၊ အစက ရာဘာကျည်တွေနဲ့ပစ်တယ်၊ ပြီးတော့ ကျည်အစစ်တွေနဲ့ ပစ်တယ်၊ ပြီးတော့ သူက ရှေ့မှာ ကာကွယ်လိုက်တဲ့အနေနဲ့ရှေ့မှာ ထွက်တော့ ပုခုံးမှာထိသွားတာ၊ ပထမတစ်ချက်က ကိုမျိုးမင်းသူ ကို လာမှန်တယ်။ နောက်တော့ သူ့ကိုလာမှန်တော့တာပဲ” ဟုသူကပြောသည်။

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ ယနေ့အချိန်အထိ ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် မတ်လ ၃၀ ရက်နေ့တွင် အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ