ဖားကန့်မြို့ဆန္ဒပြပွဲတွင်ဖမ်းဆီးခံရသူများကို ယနေ့ရုံးထုတ်စစ်ဆေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ရင်း ဖမ်းဆီးထိန်းသိမ်း ခံရသူများကို ယနေ့ မတ်လ ၁၇ ရက်တွင် ရုံးထုတ်ခဲ့ကြောင်း လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေထံမှ သိရသည်။

ဖားကန့်မြို့ဆန္ဒပြပွဲတွင်ဖမ်းဆီးခံရသူများကို ယနေ့ရုံးထုတ်စစ်ဆေး

 

မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်း ခံရသူများကို ယနေ့ ဖားကန့်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေတစ်ဦးက The 74 Media ကိုပြောသည်။
“ပထမဦးဆုံး သုံးရက်နေ့ဖမ်းခံထားရတဲ့ငါးယောက်က ဒီနေ့ရုံးချိန်းတယ်၊ တရားခံတော့မရှိဘူး၊ မိုးညှင်းထောင်မှာ၊ နိုင်ငံရေး အခြေအနေကြောင့်မို့ဆိုပြီးတော့ ဒီမှာပဲစွဲချက်တင်တယ်” ဟု ပြောသည်။
ထိုငါးဦးကို ပုဒ်မ ၅၀၅ ကဖြင့် တရားစွဲတင်ခဲ့ပြီး နောက်ထပ်ရုံးချိန်းကို မတ်လ ၃၁ ရက်နေ့တွင် ထပ်မံရုံးချိန်းခဲ့ကြောင်း သူက ဆက်ပြောသည်။
ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၈ ဦးရှိကာ အမျိုးသမီးတစ်ဦး ပါဝင်ကြောင်းသိရသည်။
ယနေ့ရုံးထုတ်သူ ၅ ဦးကို မိုးညှင်းအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ကျန်သုံးဦးကို ဖားကန့်ရဲစခန်းအချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
တရားခံမပါဘဲ ရုံးထုတ်စစ်ဆေးခံရသူများမှာ ကိုသန့်ဇင်ဦး (ခ) ဖက်တီး၊ ကိုသက်နိုင် (ခ)မောင်ထူး၊ မိုးကျော် (ခ) ကျော်ဆွေ၊ ကီးနိမ်နှင့် မသဇင် (ခ) မငယ်တို့ဖြစ်ကြပြီး တရားလို အဖြစ် ဖားကန့်ရဲစခန်းမှူး ဒုရဲမှူး ဦးခင်မောင်ဇင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး မတ်လ (၁၄ ) ရက်နေ့တွင် သေနတ်ဒဏ်ရာဖြင့်တစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ