မြစ်ကြီးနားဆေးရုံကြီးလက်ရှိအခြေအနေ

ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှုနှင့် ဆေးကုသမှု ပြန်လည်ပြုလုပ်နေပြီဟု ဆိုင်းဘုတ်ကပ်ထားသည့် မြစ်ကြီးနား ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာများကို လက်ခံကုသပေးနေသော်လည်း လူနာ အနည်းငယ်သာ လာရောက်ပြသသည်ဟု သိရသည်။

မြစ်ကြီးနားဆေးရုံကြီးလက်ရှိအခြေအနေ

 

ဆေးရုံတွင် စစ်ဆေးရုံမှ ဆရာဝန်အချို့၊ မြစ်ကြီးနားဆေးရုံကြီးမှ ဆရာဝန်အချို့ နှင့် သူနာပြုအနည်းငယ်ရှိပြီး ကိုဗစ်၁၉ ကာကွယ်ဆေးထိုးသူ အနည်းငယ်၊ နာမကျန်းဖြစ်သည့် ကလေးသူငယ်များနှင့် ကိုယ်ဝန်သည်မိခင် အနည်းငယ်လာရောက်ပြသ ကြသည်။
ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများကို စစ်ဆေးရုံတွင် ကုသရန် လွှဲပြောင်းသည်ဟု သိရပြီး လက်ရှိကာလတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ဆရာဝန်ရှိ၊ မရှိ ကို The 74 Media က သီးခြားအတည်ပြု နိုင်ခြင်းမရှိပါ။
အတွင်းလူနာဌာနများကို ယခင်အတိုင်းသော့ခတ်တံခါးပိတ်ထားပြီး လူနာတစ်ဦးမှ မရှိပေ။
ယခုလ ၁၃ရက်နေ့တွင် မြစ်ကြီးနား အထွေထွေ ရောဂါကု ဆေးရုံဝင်းအတွင်း ကချင်ပြည်နယ်စီမံကောင်စီ ဥက္ကဌနှင့် ကောင်စီအဖွဲ့ဝင်များပါဝင်ပြီး ဆေးရုံတွင် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုနှင့် ဆေးကုသမှုပြန်လည်ပြုလုပ်နိုင်ကြောင်း အသိပေးသည့် အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့သည်။
သို့သော် အခမ်းအနားအပြီး ၄ရက်ကြာသည့်တိုင် ဆေးရုံ၏ အတွင်းလူနာဆောင်များကိုပိတ်ထားရဆဲ ဖြစ်သည်။

မြစ်ကြီးနားဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်သည့် ကျန်မာရေးဝန်ထမ်းများမှ CDM ပါဝင်သည့် ဝန်ထမ်း ၄၀၀ဝန်းကျင်ခန့်ကို ဆေးရုံအုပ်ကြီး ဦးတင်လှ က မတ်လ ပထမပတ်အတွင်း တာဝန်ပြန်လည်ထမ်းဆောင်ရန် ဖိအားပေးမှုများလုပ်ဆောင်ခဲ့သဖြင့် ဝန်ထမ်းအိမ်ယာမှ ဝန်ထမ်းတချို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ