အင်ဂျန်းယန်မှ စစ်ရှောင်များ

အင်ဂျန်းယန်မြို့နယ်မှ စစ်ပြေးပြည်သူများသည် မြစ်ကြီးနားရှိ စစ်ရှောင်စခန်းသို့ လာရောက်တိမ်းရှောင်လိုသော်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တားဆီးပိတ်ပင်ထားသဖြင့် ယနေ့ည တန်ဖရဲတွင် ညအိပ်ရမည်ဟု သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တားဆီးထားသဖြင့် တန်ဘောင်ယန်နှင့် ဂွေထော်ကျေးရွာမှ စစ်ရှောင်ပြည်သူ တစ်ရာကျော်သည် တန်ဖရဲကျေးရှာရှိ ကက်သလစ်ဘုရားကျောင်းတွင် ယနေ့ညအိပ်ကြရမည်ဟု ဘုန်းတော်ကြီးဆွတ်အောင်က The 74 Media ကိုပြောသည်။
“ဒီညတော့ စစ်ရှောင်တွေကဒီမှာ အိပ်မှာဟုတ်တယ် တန်ဘောင်ယန်နဲ့ ဂွေထော်ကျေးရွာက ၉၄ ယောက်။ အခု အဲ့ဒီရွာတွေရဲ့အထက်ရွာက ၅၀ ကျော်ထပ်ရောက်လာတယ်” ဟု သူက ပြောသည်။
ကချင်ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ညှိနှိုင်းမည်ဟု ပြောဆိုမှုများရှိသော်လည်း ယခုအချိန်အထိ ပြေလည်မှုမရသေးကြောင်းသူက ဆက်ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ညပိုင်းတွင် ဂွေထော်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများ မြစ်ကြီးနားသို့ ရှောင်တိမ်းလာကြခြင်းဖြစ်သည်။
စစ်ရှောင်ပြည်သူများသည် တိုက်ပွဲဖြစ်လာသဖြင့် ညတွင်းချင်း ကျေးရွာကို စွန့်ခွာထွက်ပြေးလာရကာ တန်ဖရဲကျေးရွာတစ်ဖက်ကမ်းအထိ လမ်းလျှောက်လာရပြီး စက်လှေဖြင့် ကမ်းကူလာရသည်။

စစ်ရှောင်ပြည်သူများတွင် စစ်ရှောင်စခန်းမှ နေရပ်သို့ လွန်ခဲ့သည့်နှစ်ရက်ခန့်က ပြန်လည်ရောက်ရှိသူများပါဝင်ပြီး အချို့သည် နေရပ်သို့ပြန်လည်ရောက်ရှိသည်မှာ လပိုင်းသာရှိသေးချိန် ယခုတစ်ကြိမ်ထပ်မံ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ