မသီရိချို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မတ်လ ၁ ရက်နေ့၌ ဆိုင်ကယ်သပိတ်ကို ရဲများဖြိုခွင်းရာတွင် ကားနှင့်ပိတ်ကာ ကာကွယ်ပေးခဲ့သည့် မသီရိချိုကို ယနေ့ရုံးထုတ်သည်ဟုသိရသည်။

မသီရိချိုအား ယနေ့မြစ်ကြီးမြို့နယ်တရားရုံး၌ ချုပ်ရက် ရမန်ယူသည်ဟု မြစ်ကြီးနားမြို့နယ် တွဲဖက်တရားသူကြီး(၁) ဒေါ်လှယဉ်ဝင်းက The 74 media ကိုပြောသည်။
“မသီရိချိုကို ဒီနေ့ရမန်ယူတယ်။ သူ့ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)နဲ့ တရားစွဲဆိုထားတာဟုတ်တယ်။” ဟုသူကပြောသည်။
မသီရိချိုကို လိုင်စင်မဲ့ကား မောင်းနှင်သောကြောင့် ဟုဆိုကာ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈) ဖြင့် တရားစွဲဆိုထားပြီး ယခု မြစ်ကြီးနားအကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။
စတင်ဖမ်းဆီးထားသောနေ့ရက်မှ ၁၅ ရက်နေ့မြေှာက်တွင်မှသာ မိသားစုနှင့် တွေ့ခွင့်ရသည်ဟု မသီရိချို၏ အမျိုးသားက The 74 media ကိုပြောသည်။
“ဒီနေ့တော့ တွေ့ခွင့်ရတယ်ဗျာ။ သူနဲ့ဆက်သွယ်နိုင်ဖို့လည်းကြိုးစားနေပါတယ်။ ကျွန်တော်လည်း တခြားဘာမှမသိရသေးဘူး။” ဟု သူကပြောသည်။
မသီရိချိုသည် မတ်လ (၁) ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်နေသူများကို ရဲများက လူစုဖြိုခွင်း လိုက်လံဖမ်းဆီးချိန်တွင် သူမ၏ကားဖြင့် ရှေ့မှ ပိတ်ထားပေးခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ၏ ပြစ်ဒဏ်မှာ (၃) နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရမည်ဟု ဉပဒေတွင်ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ