မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ ဆက်လက်လုပ်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိှုင်က ဖေဖော်ဝါရီလ ၁၅ ရက်တွင်ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်ဟု သိရသည်။
May be an image of body of water

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိှုင်က
“လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန်မှာကြားထားကြောင်း၊
နောင်ကာလများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက် သွားမည်” ဟု ပြောကြားခဲ့ကြောင်း
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
ထိုပြောကြားချက်တွင် မည်သည့် ရေအားလျှပ်စစ်စီမံကိန်းဟု အတိအကျမပြောခဲ့သော်လည်း ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဆိုပါက ပြင်းပြင်းထန်ထန်ကန့်ကွက်သွားမည်ဟု KSPP ပါတီဒုဥက္ကဋ္ဌဦးအောင်ခမ်းက The 74 Media ကိုပြောသည်။
“မြစ်ဆုံစီမံကိန်းဟာ တစ်နိုင်ငံလုံးကန့်ကွက်နေတဲ့စီမံကိန်းတစ်ခုဖြစ်တာကြောင့် ဘယ်အစိုးရပဲလုပ်လုပ် ကျွန်တော်တို့ကတော့ ပြည်သူဆန္ဒအတိုင်း ရပ်တည်မှာပါ၊ ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှာပါ” ဟုပြောသည်။
ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ပါက အကောင်အထည်ဖော်ရန်ခွင့်ပြုသူနှင့် စီမံကိန်းအကောင်အထည်ဖော်သည့်ကုမ္ပဏီများကို ကန့်ကွက်မည်ဟု TANKS အဖွဲ့၏ပဲ့ကိုင်ကော်မတီဝင် ဦးမျိုးအောင်ကပြောသည်။
“ဒီစီမံကိန်းကိုလုံးဝသဘောမတူပါဘူး၊ ဒီစီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် ခွင့်ပြုတဲ့သူရော လုပ်တဲ့သူကိုရော လူထုနဲ့အတူ ကန့်ကွက်မှာပါ” ဟုပြောသည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း ဆက်လက်လုပ်ဆောင်မည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
သင့်ထင်မြင်ချက်ရေးပေးပါ