ဆိုင်သိမ်းပြီး အိမ်ပြန်လာစဉ် အဖမ်းခံရသည့် အမျိုးသမီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ (၇)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် စီတာပူဈေးမှ ဆိုင်သိမ်းပြီး အိမ်ပြန်ချိန် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည့်အမျိုးသမီးကို ၁၀ ရက်ကျော်ကြာသည့်တိုင် မိသားစုနှင့် တွေ့ခွင့်မပေးကြောင်းသိရသည်။

အသက်(၂၇)နှစ်အရွယ် မဆိုင်းပန်ကို ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်အထိ တွေ့ခွင့်မရသေးဘဲ ကျန်းမာရေးမကောင်းသူဖြစ်သဖြင့် မိသားစုဝင်များက စိတ်မကောင်းဖြစ်ကာ စိုးရိမ်ပူပန်နေသည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ထောင်ဝင်စာသွားတွေ့ပေမယ့် တွေ့လည်း မတွေ့ရဘူး။ သူကနှလုံးအားနည်းတယ်။ အရမ်းကြောက်တတ်တာ။ ညလည်းမအိပ်ဘူးဆိုတာကြားတော့ ပိုလိုတောင်စိတ်မကောင်းဖြစ်နေတာ”ဟု ပြောသည်။
မတရားဖမ်းဆီးခံရပြီးနောက် သူမ၏ဖုန်းတွင် အာဏာရှင်ကိုဆန့်ကျင်သည့်ပိုစ့်များပြန်လည်မျှဝေထားသည့်အတွက်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) တပ်မတော်ကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည်ဟု သူက ဆက်ပြောသည်။
“သူတို့ကတစ်ခါတည်းဖမ်းပြီး ဖုန်းစစ်ပြီးတော့ ပုဒ်မ ၅၀၅ (က)နဲ့ စွဲလိုက်တာ။ ၂၄ နာရီအတွင်း ပုဒ်မတပ်လိုက်တာဟုတ်တယ်။ အာဏာရှင်ကိုဆန့်ကျင့်တဲ့ပိုစ့်တွေ ရှယ်ထားတာတွေ့လို့ဆိုပြီး ဖမ်းထားတာ” ဟု ဆိုသည်။
သူမကို ဖမ်းဆီးခဲ့သည့်မတ်လ ၇ ရက်မတိုင်မီတစ်ရက်တွင် မြစ်ကြီးနားတက္ကသိုလ်အနီးတဝိုက် ရဲတပ်ဖွဲ့ဝင်များက မြစ်ကြီးနားတက္ကသိုလ်တွင်လာရောက်ဝန်းရံသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူငယ်အချို့ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်။
သို့သော်ဖမ်းဆီးခံရသည့် မဆိုင်းပန်သည် ဆန္ဒပြရာတွင်ပါဝင်သူတစ်ဦးမဟုတ်သည့်အပြင် ဈေးရောင်းပြီးအပြန် ဖမ်းဆီးခံရခြင်းဖြစ်သဖြင့် တရားမျှတမှုမရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ပြောရမယ်ဆိုရင် ဆန္ဒပြတဲ့လူလည်းမဟုတ်ဘူး၊ အဲ့လိုအရပ်သားတစ်ယောက် ဈေးရောင်းပြီးပြန်လာတာကို ဒီလိုလုပ်တာကတော့ ပိုပြီးမတရားဘူးပေါ့နော်။ မိဘတွေကလည်း ငယ်ကတည်းကမရှိတော့ဘူးဆိုတော့၊ အခုသူကထောင်ထဲမှာ ဆိုတော့ အရမ်းစိတ်မကောင်းဖြစ်မိတာပေါ့” ဟု ပြောသည်။
မဆိုင်းပန်ကို ဖမ်းဆီးခဲ့စဉ် ဘတ်ထရီဆိုင်ကယ်၊ ဖုန်း(၂)လုံးနှင့်ဆိုင်ခန်းသော့များ သိမ်းဆည်းခံခဲ့ရပြီး ဆိုင်ကယ်နှင့် ဆိုင်ခန်းသော့များကို ရဲစခန်းမှ ပြန်လည်ရရှိခဲ့သော်လည်း ဖုန်း(၂)လုံးကို ယခုထိပြန်မရသေးကြောင်း သူကဆက်ပြောသည်။
ဆိုင်းပန်သည် ပုဂ္ဂလိက ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမလွတ်မြောက်နိုင်ဖို့အတွက် မိသားစုဝင်များမှ ကချင်ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အား အကူအညီတောင်းထား၍ မတ်လ (၂၂)ရက်နေ့တွင် ရုံးထုတ်မည်ဟု သိရသည်။
ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဖမ်းဆီးခံရသူအများအပြားရှိပြီး ယခုအချိန်အထိဖမ်းခံရသူစုစုပေါင်းမည်မျှရှိပြီး အမှုဖွင့်တရားစွဲဆိုထားသည် မည်မျှရှိသည်ကို စစ်အာဏာသိမ်းကောင်စီက ထုတ်ပြန်ခြင်းမရှိခဲ့ပါ။

ဖမ်းဆီးတရားစွဲဆိုခံရသူအားလုံးနီးပါးသည် မိသားစုဝင်များနှင့်တွေ့ခွင့်မရသည့်အပြင် ဥပဒေအကြံအဉာဏ်ရယူခွင့်လည်းဆုံးရှုံးနေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ