ဖားကန့် ဆိပ်မူကျေးရွာတွင် မြေပြိုမှုကြောင့် သုံးဦးသေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင်ကျေးရွာတွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က ရွှေကျောက်တူးဖော်သည့် မြေပြိုကျမှုကြောင့် ကျင်းလုပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ကျင်းပြိုကျမှုကြောင့် မြေပြိုရာတွင် ပွဲချင်းပြီး သေဆုံးသူ ၃ ဦးအပြင် ဒဏ်ရာရသူ တစ်ဦးရှိကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“တစ်ယောက်ဆို ဦးနှောက်တွေပါထွက်ပါတယ်၊ ဒဏ်ရာရတဲ့သူကတော့ ကောင်းသွားမဲ့အနေထားပါ ဒဏ်ရာအနည်းငယ်ပါ ကျင်းတွေကလည်း တရားဝင်မဟုတ်ဘူး၊ နယ်မြေဒေသအလိုက် နားလည်မှုနဲ့ ငွေပေးလုပ်နေကြတာပါ” ဟု သူကပြောသည်။
ဖားကန့်တွင် မိုးရာသီတွင် အသေအပျောက်ပိုများကြောင်း သူက ဆက်ပြောသည်။
“မိုးရွာရင်အသေအပျောက်များတော့မှာပါဖားကန့်ဒေသကနှစ်စဉ်ပါ မှော်တိုင်းမှာမသေတဲ့နေရာမရှိသလောက်ပါ၊ မနှစ်ကလည်းရဲ့ကင်းစောင့်ရဲတပ်ဖွဲ့တွေလူတွေကအစ အသေအကျေများပါတယ်” ဟု သူက ပြောသည်။
ယနေ့ ဆုံးပါးသွားသူများသည် ကိုဖိုးဆာတီ အသက် ၃၂၊ ကို နောမိုးဒွေ့ အသက် ၃၅ နှင့် ကိုလှထောနော် အသက် ၃၇ တို့ဖြစ်ကြောင်းသိရသည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း မေလ ၃၀ရက်နေ့ ည ၈ နာရီခန့်က လက်ကျင်းတူးသူများက ကျောက်စိမ်းတူးဖော်နေစဉ် မြေစာပုံပြိုကျခဲ့သည့် ဖြစ်စဉ်အတွင်း လူသေဆုံးမှုရှိခဲ့သည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လုပ်ကွက်ဟောင်းအတွင်းရှိ မြေစာပုံပြိုကျသဖြင့် လူနှစ်ရာနီးပါးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ