မိုးမောက် အ.ထ.က ဗုံးပေါက်ကွဲမှုတွင် ဆရာမတစ်ဦးအပါအဝင် သုံးဦးထက်မနည်း ဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မိုင်းပေါက်ကွဲခဲ့ရာ ဆရာမအနည်းဆုံးတစ်ဦးနှင့် ကျောင်းစောင့်နှစ်ဦး မိုင်းစထိမှန်ခဲ့ကြောင်းသိရသည်။

မိုးမောက် အ.ထ.က ဗုံးပေါက်ကွဲမှုတွင် ဆရာမတစ်ဦးအပါအဝင် သုံးဦးထက်မနည်း ဒဏ်ရာရ

 

မိုင်းပေါက်ကွဲမှုတွင် အလယ်တန်းပြ ဆရာမတစ်ဦး၊ အသက် ၅၄ နှစ်အရွယ် ကျောင်းစောင့်နှင့် သားဖြစ်သူတို့ ခြေထောက်တွင် မိုင်းစထိမှန်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ကျောင်းနှင့် နီးစပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းအုပ်ကြီး ရုံးခန်းအောက်မှပေါက်တာ၊ ကျောင်းတက် ခေါင်းလောင်းသွားတီးတဲ့ အချိန်တစ်ခါပေါက်တယ်။ ခဏအကြာမှာ နောက်တစ်လုံးပေါက်တာ ဆရာ၊ ဆရာမ တွေ လက်မှတ်ထိုးရတဲ့ နေရာမှာပေါက်တာလို့ပြောတယ်။ နောက်ထပ်နှစ်ယောက်ကိုလည်း မိုင်းစ စင်တယ်တဲ့။” သူကပြောသည်။
ခြေထောက်တွင် မိုင်းစ ထိမှန်ခဲ့သော ဦးမောင်ဦးကို ဗန်းမော် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ကျန်သူများကို ခေါ်ဆောင်သွားခြင်းမရှိကြောင်းသူက ဆက်ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောင်းသူ ကျောင်းသားများကို မိဘများမှ ပြန်လည်ခေါ်သွားသည်။ မိုးမောက်ရဲစခန်းမှ ရဲ ၁၀ ဦးခန့်က ကျောင်းပတ်ဝန်းကျင်တွင် စစ်ဆေးမှုများ ပြုလုပ်သွားပြီး လက်ရှိအချိန်တွင် စစ်ကောင်စီ ခမရ ၄၃၇ မှ စစ်ကား ၁ စီနှင့် အင်အား ၂၀ ခန့်မှ ကျောင်းဝင်းအတွင်း၌ ရှိနေကြောင်းသိရသည်။

မိုးမောက်အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းတက်သူ ဦးရေ တစ်ထောင်ကျော်ရှိခဲ့ပြီး ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းတက်သူဦးရေ ၉၀၀ ခန့်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ